နှစ်ပေါင်းများစွာ ကောလာဟလနဲ့ ခန့်မှန်းသတင်းတွေ ထွက်ရှိခဲ့ပြီးနောက်မှာ Apple က ဗီဒီယို Streaming ဝန်ဆောင်မှုအသစ် Apple TV+ ကို မိတ်ဆက်လိုက်ပါတယ်။ Apple ကိုယ်တိုင် စီစဉ် ရိုက်ကူးထုတ်လုပ်မယ့် ကိုယ်ပိုင် အစီအစဉ်တွေ ပါဝင်မှာပါ။ Apple TV Plus နဲ့အတူ ဒီဇိုင်းပြင်ဆင်ထားတဲ့ Apple TV app ကိုလည်း Steve Jobs Theater မှာ CEO Tim Cook က မိတ်ဆက်သွားခဲ့ပါတယ်။
Apple TV+ (Plus) ဟာ ကမ္ဘာပေါ်မှာ တီထွင်ဖန်တီးမှုအကောင်းဆုံး ဇာတ်လမ်း တီထွင်ဖန်တီးသူ (Storytellers) တွေရဲ့ ပင်မ အချက်အချာ နေရာသစ်တခု ဖြစ်လာမယ်လို့ ကြွေးကြော်ထားပါတယ်။
Apple TV+ မှာပဲ ကြည့်ရှုနိုင်မယ့် ကိုယ်ပိုင် တီဗီဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေ၊ မှတ်တမ်းတင်ရုပ်ရှင်ကားတွေကို ကြည့်ရှုနိုင်မှာပါ။ Hollywood နဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg, J.J Abrams အပါအဝင် နာမည်ကြီး သရုပ်ဆောင် အများအပြား ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ယခုနှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ အကုန်အကျခံကာ ကိုယ်ပိုင် ရုပ်ရှင်၊ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ စီစဉ်ထားပြီး၊ Netflix, Hulu, Amazon စတဲ့ လက်ရှိ နာမည်ကြီး Streaming ဝန်ဆောင်မှုတွေကို တိုက်ရိုက် ယှဉ်ပြိုင်သွားမှာပါ။
Apple TV+ မှာ ကြော်ငြာ လုံးဝ ပါဝင်မှာ မဟုတ်ဘဲ Netflix လိုမျိုး ကြိုက်နှစ်သက်ရာ ရုပ်ရှင်၊ ဇာတ်လမ်းတွေကို အင်တာနက်ရှိသည်ဖြစ်စေ၊ Download ယူထားပြီ ဖြစ်စေ ရွေးချယ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ယခု နှစ်ကုန် ဆောင်းရာသီလောက်မှာ နိုင်ငံပေါင်း ၁၀၀ ကျော်အတွက် ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းတော့ မပြောခဲ့ပါဘူး။
Apple TV+ ကို ဒီဇိုင်းပြောင်းလဲထားတဲ့ Apple TV app ကနေ iOS, Mac, Roku, Fire TV နဲ့ အခြားကုမ္ပဏီအမျိုးမျိုးက စမတ်တီဗီတွေမှာ ရယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ အသုံးပြုနိုင်တဲ့ Apple TV app ကို Apple TV+ အတွက် သာမက အခြား ဗီဒီယို လစဉ်ကြေးဝန်ဆောင်မှုတွေ အားလုံးကိုလည်း တပေါင်းတစည်းတည်း ရယူ ကြည့်ရှုနိုင်အောင် Apple က လုပ်ပေးထားပါတယ်။
Apple TV app ကနေ HBO, Showtime, Starz, CBS All Access နဲ့ အခြား လစဉ်ကြေးဝန်ဆောင်မှုတွေကို နှစ်သက်ရာ ဝယ်ယူကြည့်ရှုနိုင်ဖို့အတွက် Apple TV Channels ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
Streaming ကို Apple က တာဝန်ယူ လုပ်ဆောင်ပေးသွားမှာ ဖြစ်ကာ၊ အကောင်းဆုံး ရုပ်ထွက်နဲ့ အသံအရည်အသွေး ခံစားနိုင်မှာ ဖြစ်တယ်လို့ ကတိကဝတ် ပြုထားပါတယ်။ ဒီဇိုင်းပြောင်းလဲထားတဲ့ Apple TV app အသစ်ကိုတော့ မေလထဲ update ထုတ်ပေးသွားမှာပါ။
ပြင်ပ Third-part video apps ပေါင်း ၁၅၀ ရဲ့ ဗီဒီယို၊ ဇာတ်လမ်းတွဲတွေထဲကမှ အသုံးပြုသူ အကြိုက်တွေ့မယ့် အရာတွေကို Apple က Recommendation ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဗီဒီယို လစဉ်ကြေး ဝန်ဆောင်မှုတွေကို တနေရာတည်းမှာ စုံလင်မှာ ရွေးချယ်ကြည့်လို့ရမယ့် App တခု က အိုင်ဒီယာအသစ်အဆန်းတော့ မဟုတ်ပါဘူး။ လက်ရှိမှာ Amazon ကလည်း HBO, Showtime, Stars, CBS စတဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို နှစ်သက်ရာ ဝယ်ယူ ကြည့်ရှုနိုင်တဲ့ Prime Video app ကနေ တဆင့် Prime အဖွဲ့ဝင်မန်ဘာတွေ ကြည့်ရှုနိုင်အောင် လုပ်ပေးထားပြီး ဖြစ်ပါတယ်။
Ref: The Verge