ကြိုတင် သတင်းပေါက်ကြားခဲ့တဲ့အတိုင်းပဲ Apple က “Apple Arcade” လို့ အမည်ပေးထားတဲ့ ဂိမ်းလစဉ်ကြေးဝန်ဆောင်မှု တမျိုးကို မိတ်ဆက်လိုက်ပါတယ်။
မကြာမီက မိတ်ဆက်ခဲ့တဲ့ Google ရဲ့ Stadia လိုတော့ Cloud နည်းပညာသုံး ဂိမ်း Streaming ဝန်ဆောင်မှု မဟုတ်ဘဲ App Store ကနေ ဂိမ်းတွေကို လစဉ်ကြေးပေးပြီး ဆော့ရမယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ App Store ပေါ်မှာ ရှိပြီးသား ဂိမ်းတွေတော့ မဟုတ်ပါဘူး။ နာမည်ကြီး ဂိမ်းရေးဆွဲတဲ့ကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ Apple Arcade မှာပဲ ရမယ့် Exclusive ဂိမ်းအသစ်ပေါင်း ၁၀၀ ကျော်ကို ထုတ်ပေးသွားမှာပါ။
လစဉ်ကြေး တခါပေးရုံနဲ့ Apple Arcade ဂိမ်းအကုန်လုံးကို ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Apple Arcade ကို iPhone, iPad တွေသာမက Mac နဲ့ Apple TV တို့ကနေလည်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
Apple Arcade အတွက် ထုတ်ပေးထားတဲ့ ဂိမ်းတွေကို တခြား ပလက်ဖောင်း နဲ့ လစဉ်ကြေးဝန်ဆောင်မှုတွေမှာ လုံးဝ ရမှာ မဟုတ်ပါဘူး။ Apple Arcade ယူထားသူတွေပဲ သီးသန့် ဆော့ကစားနိုင်မှာပါ။ ဒီအတွက် App Store မှာလည်း Arcade ဆိုပြီး Tab ကဏ္ဍအသစ် ပါလာမှာ ဖြစ်ပါတယ်။
Apple Arcade ရယူထားသူတွေအနေနဲ့ အဆိုပါ ဂိမ်းတွေကို ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ Apple စက်ကနေ အဆက်အစပ် မပြတ် ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Apple Arcade ဂိမ်းတိုင်းရဲ့ လုပ်ဆောင်ချက်အသစ်တွေ အကြောင်းအရာအသစ်နဲ့ အသစ်ထွက်တဲ့ Update တိုင်းကို နောက်ထပ် အခကြေးငွေ ထပ်ပေးစရာမလိုဘဲ ဆော့ကစားနိုင်ပါတယ်။ ဂိမ်းတွေမှာ ကြော်ငြာတွေလည်း လုံးဝ ပါမှာ မဟုတ်ပါဘူး။
လူပေါင်း ၁ ဘီလျံကျော်ဟာ App Store ကနေ ဂိမ်းတွေကို ဒေါင်းလုဒ်ရယူထားကြတယ်လို့ Apple က ဆိုပါတယ်။ အခုဆို App Store မှာ ဂိမ်းပေါင်း ၃ သိန်းကျော် ရှိနေပါပြီ။ ဒီထဲမှာ အခမဲ့ ဂိမ်းတွေ ရှိသလို ၊အခကြေး ပေးရတဲ့ ဂိမ်းတွေလည်း ရှိပါတယ်။
အခကြေးပေးရတဲ့ ဂိမ်းတွေဟာ အခမဲ့ဂိမ်းတွေနဲ့ ယှဉ်ပြိုင်ရာမှာ ခက်ခဲတဲ့အတွက် အသုံးပြုသူတွေထံ ပိုအရောက်နည်းပါတယ်။ ဒီအခက်အခဲကို လစဉ်ကြေး တခါသွင်းလိုက်ရုံနဲ့ ဆော့ကစားနိုင်မယ့် Apple Arcade က ဖြေရှင်းပေးနိုင်မယ်လို့ Apple က ဆိုပါတယ်။
SimCity ဂိမ်းဖန်တီးသူ Will Wright ကလည်း Apple Arcade အတွက် ဂိမ်းတခု လုပ်နေတယ်လို့ သိရပါတယ်။ နောက်ထပ်လည်း Konami, Lego, SEGA, Snowman, Bossa Studios စတဲ့ ဂိမ်းစတူဒီယို ပေါင်း မြောက်များစွာက ဂိမ်းအသစ်တွေ ထပ်ထွက်လာဦးမှာပါ။
Apple Arcade ကို နိုင်ငံပေါင်း ၁၅၀ မှာ ယခုနှစ်ကုန်ပိုင်း ဆောင်းဦးရာသီလောက် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ လစဉ်ကြေး တခါယူထားရင် မိသားစု ခြောက်ဦးအထိ ဆော့ကစားနိုင်မှာ ဖြစ်တယ်လို့ ဆိုတာကြောင့် လစဉ်ကြေး ဝန်ဆောင်မှုကို မျှဝေလို့ ရမယ့် သဘောမှာ ရှိပါတယ်။
Ref: The Verge