Huawei ရဲ့ Flagship P စီးရီးဟာ ကင်မရာကောင်းမွန်မှုကြောင့် လူကြိုက်များတဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ ယခု အသစ်မိတ်ဆက်လိုက်တဲ့ Huawei P30 စီးရီးကလည်း ကင်မရာပိုင်းကို ပိုမိုကောင်းမွန်လာအောင် အဓိကထား ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေပါ။
ကင်မရာစနစ်
ကင်မရာအသားပေး ဖုန်းတွေဖြစ်သလို Huawei P30 နဲ့ P30 Pro မော်ဒယ်နှစ်ခုမှာ အဓိကကွာခြားသွားတာကလည်း ကင်မရာစနစ်ပါ။ Huaewi P30 မှာ OIS ပါဝင်ပြီး ၃ဆ Zoom ဆွဲနိုင်တဲ့ 8MP Telephoto ကင်မရာ၊ 40MP အဓိက ကင်မရာနဲ့ 16MP မြင်ကွင်းကျယ် ကင်မရာ စုစုပေါင်း Leica ကင်မရာသုံးလုံး ပါဝင်ပါတယ်။
Huawei P30 Pro မှာတော့ ပိုမိုဆန်းသစ်တဲ့ Leica ကျောကင်မရာလေးလုံးစနစ်ကို တွေ့မြင်ရမှာပါ။ 5 ဆအထိ Optical Zoom ဆွဲနိုင်တဲ့ ပယ်ရီစကုပ်ကင်မရာ၊ 40MP ကျောကင်မရာ၊ 20MP မြင်ကွင်းကျယ်ကင်မရာနဲ့ TOF ဆန်ဆာ စုစုပေါင်း ကင်မရာလေးလုံးပါ။
အဓိက ကင်မရာနဲ့ တယ်လီစကုပ်ကင်မရာတို့မှာ OIS ကိုယ်စီ ပါရှိပြီး၊ ဒီကင်မရာနှစ်ခုကိုပေါင်းစည်းကာ ၁၀ ဆ အထိ Hybrid Zoom ဆွဲရိုက်နိုင်မှာ ဖြစ်ပါတယ်။ အဝေးက အရာဝတ္ထုတွေကို ပုံရိပ်အရည်အသွေး ကျဆင်းမှုမရှိဘဲ ၁၀ ဆ အထိ Zoom ကောင်းကောင်း ဆွဲရိုက်နိုင်မှာ ဖြစ်ပါတယ်။ Digital Zoom ဆိုရင်တော့ အဆ ၅၀ အထိ ဆွဲရိုက်နိုင်မှာပါ။ ToF ဆန်ဆာကတော့ အရာဝတ္ထုတွေကို အနီအောက်ရောင်ခြည် ပစ်လွှတ်ပြီး ပြန်လာတဲ့ အလင်းတန်းကို ဖမ်းယူကာ ကင်မရာနဲ့ အရာဝတ္ထုရဲ့ အကွာအဝေးကို သိရှိနိုင်ပါတယ်။
ဒီ့အတွက် ပိုမို သေသပ်ကောင်းမွန်တဲ့ နောက်ခံဝါးပုံရိပ်တွေကို ပေးစွမ်းနိုင်မှာပါ။ အပြင်ကအရာဝတ္ထုရဲ့ အရွယ်အစားကို ဖုန်းကင်မရာနဲ့ တိုင်းတာနိုင်တဲ့ AR applications တွေမှာလည်း ဒီဆန်ဆာကို ကောင်းကောင်း အသုံးချနိုင်မှာ ဖြစ်ပါတယ်။
Huawei P30 Pro ရဲ့ နောက်ထပ် ထူးခြားချက်တခုကတော့ ဖုန်းအများစုရဲ့ ကင်မရာစနစ်မှာ သုံးနေကြ RGB ဆန်ဆာအစား SuperSpectrum လို့ ခေါ်တဲ့ RYYB ဆန်ဆာကို ပြောင်းလဲ အသုံးပြုထားပါတယ်။ အဝါရောင် pixel က အစိမ်းရောင် အလင်းတန်းတွေပါ ဖမ်းယူနိုင်တဲ့အပြင် မြင်ကွင်းက အနီရောင်အလန်းတွေကိုပါ ဖမ်းယူပေးနိုင်ပါတယ်။ ဆန်ဆာတခုလုံးရဲ့ အလင်းဖမ်းယူနိုင်မှုအားကို ၄၀ ရာခိုင်နှုန်း ပိုမိုတိုးတက်ကောင်းမွန်လာစေတယ်လို့ Huawei က ဆိုပါတယ်။ အလင်းနည်းတဲ့ ညဘက်အချိန်တွေမှာပါ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
Huawei P30 နဲ့ P30 Pro တို့ဟာ ကင်မရာပိုင်းအပြင် တချို့နေရာတွေမှာလည်း ကွာခြားမှုလေးတွေ ရှိပါတယ်။ ဖုန်းမော်ဒယ်နှစ်ခုရဲ့ အဓိကအချက်အလက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အဓိက အချက်အလက်များ
– Huawei P30 မှာ Display က ၆.၁ လက်မ OLED Display ဖြစ်ပြီး ရိုးရိုး မျက်နှာပြင်အပြား ဖြစ်ပါတယ်။ P30 ကတော့ ၆.၄၇ လက်မ OLED Dispaly နဲ့ ဖြစ်ကာ Display က အကွေး (Curved) ဖြစ်သွားပါတယ်။ နှစ်ခုလုံးရဲ့ ရုပ်ထွက်အရည်အသွေးကတော့ Full HD+ အတူတူပါပဲ။
– မော်ဒယ်နှစ်ခုလုံးရဲ့ Display က ရေစက်ပုံစံ Notch ပါဝင်တဲ့ မျက်နှာပြင်အပြည့် Display တွေ ဖြစ်ပါတယ်။
– Huawei P30 မှာ P30 Pro လို ပယ်ရီစကုပ်ဒီဇိုင်းနဲ့ Optical Zoom ကင်မရာစနစ် မပါဝင်ပါဘူး။
– Huawei P30 Pro ရဲ့ ရေနဲ့ ဖုန်မှုန့် စိမ့်ဝင် ကာကွယ်နိုင်စွမ်းက IP68 ရှိကာ၊ P30 ကတော့ IP53 နဲ့ ဖြစ်ပါတယ်။
– ဘက်ထရီမှာတော့ P30 က 3,650mAh၊ P30 Pro က 4,200mAh ပါ။
– P30 မှာ 25W အားအမြန်သွင်းစနစ် ပါဝင်ပြီး၊ P30 Pro မှာတော့ 40W အားအမြန်သွင်းစနစ် ပါဝင်ပါတယ်။ ဒါ့အပြင် P30 Pro မှာပဲ ကြိုးမဲ့အားသွင်းစနစ်နဲ့ တခြားဖုန်း၊ ပစ္စည်းတခုခုကို ကြိုးမဲ့အားပြန်သွင်းပေးနိုင်တဲ့ စနစ် ပါဝင်မှာ ဖြစ်ပါတယ်။
– Huawei P30 မှာ နားကြပ်ပေါက် ပါဝင်ကာ၊ Huawei P30 Pro မှာ နားကြပ်ပေါက် မပါလာပါဘူး။
– ဖုန်းအတွင်းမှာ အသုံးပြုထားတဲ့ Chipset ကတော့ မော်ဒယ်နှစ်ခုလုံး အတူတူပါပဲ။ Huawei ရဲ့ ကိုယ်ပိုင် Kirin 980 Chipset ပါ။ အသစ်တော့ မဟုတ်ပါဘူး။ Mate 20 Pro တို့မှာ သုံးခဲ့တဲ့ Chipset ပဲ ဖြစ်ပါတယ်။
– Selfie ကင်မရာကတော့ မော်ဒယ်နှစ်ခုလုံးမှာ အတူတူပဲ ဖြစ်ပါတယ်။ 32MP, f/2.0 မြင်ကွင်းကျယ် ရှေ့ကင်မရာတလုံး ပါ။
– Face Unlock ပါဝင်ပေမယ့် Mate 20 Pro လို 3D စနစ်တော့ မဟုတ်ဘဲ ရိုးရိုး ဆော့ဖ်ဝဲအခြေခံစနစ်ပဲ ဖြစ်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာစနစ်ကိုလည်း မော်ဒယ်နှစ်ခုလုံးမှာ အသုံးပြုနိုင်မှာပါ။ Android 9 Pie စနစ်အခြေခံ EMUI 9.1 နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
Storage မော်ဒယ်ကွဲများ
Huawei P30 နဲ့ P30 Pro ကို 6GB နဲ့ 8GB RAM မော်ဒယ်နှစ်မျိုး ရရှိမှာ ဖြစ်ပါတယ်။ Storage မှာတော့ P30 က 128GB အထိပဲ ထွက်လာမှာပါ။ P30 Pro ကိုတော့ 8GB RAM မော်ဒယ်ယူရင် 128GB ကနေ 256GB, 5128GB အထိ Storage ရွေးချယ်နိုင်ပါတယ်။ Huawei ရဲ့ Nano Memory ကတ်အသစ်ကိုတော့ ဖုန်းမော်ဒယ်နှစ်ခုလုံးမှာ ထည့်သုံးနိုင်ပါတယ်။
Audi ကားကုမ္ပဏီနဲ့ ပူးပေါင်းကာ Huawei P30 Pro ဖုန်းပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့ Audi ကားကို ဖုန်းသုံးပြီး တံခါးဖွင့်၊ စက်နှိုး လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကားမော်ဒယ် ၇ မျိုးနဲ့ပဲ ရဦးမှာ ဖြစ်ပါတယ်။
Huawei P30 နဲ့ Huawei P30 Pro ကို Amber Sunrise, Breathing Crystal, Pearl White, Aurora နဲ့ Black ဆိုပြီး ဆန်းသစ်တဲ့ အရောင်အသွေး ငါးမျိုးနဲ့ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မည့် ရက်
Huawei P30 နဲ့ P30 Pro တို့ဟာ ထင်ခဲ့သလောက် ဈေးမကြီးတာ တွေ့ရပါတယ်။ Huawei P30 (6GB/128GB) က ၇၉၉ ယူရို (ဒေါ်လာ ၉၀၀ ခန့်) ရှိပါယ်။ Huawei P30 Pro (8GB/128GB) ကိုတော့ ၉၉၉ ယူရို (၁၁၂၈ ဒေါ်လာ) ပါ။ အမြင့်ဆုံး 8GB RAM ကိုမှ 512GB Storage နဲ့ ကိုင်ချင်ရင်တော့ ၁၂၄၉ ယူရို (၁၄၁၀ ဒေါ်လာ) ကျသင့်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း Huawei P30 (8GB+128GB) ကို ၁,၀၉၉,၀၀၀ ကျပ် နဲ့ Huawei P30 Pro (8GB+256GB) ကို ၁,၄၉၉,၀၀၀ ကျပ်နဲ့ Pre-Order တင်ထားနိုင်ပြီ ဖြစ်ပါတယ်။ Pre-Order တင်ထားသူတွေကို Wireless Charger နဲ့ FreeBuds lite နားကြပ်တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပြည်တွင်းဈေးကွက်မှာတော့ လောလောဆည် Breathing Crystal နဲ့ Aurora အရောင်နှစ်မျိုးပဲ ရဦးမှာပါ။ ဈေးကွက်တွင်းကို ဧပြီလ ၆ ရက်နေ့ ဝင်လာမယ်လို့ သိရပါတယ်။
Ref: Android Authority, Huawei, Digital Trends