Sony ကော်ပိုရေးရှင်းဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ရှိတဲ့ စမတ်ဖုန်းစက်ရုံကို လာမယ့် ရက်အနည်းငယ်အတွင်း ပိတ်သိမ်းတော့မှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။ အရှုံးပေါ်နေတဲ့ စမတ်ဖုန်းလုပ်ငန်းအတွက် ကုန်ကျစရိတ်တွေကို လျော့ချဖို့ ရည်ရွယ်ချက်နဲ့ ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက စက်ရုံကို ပိတ်သိမ်းပြီး စမတ်ဖုန်း ထုတ်လုပ်မှုကိုတော့ ထိုင်းနိုင်ငံက စက်ရုံမှာ ပြောင်းရွှေ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကို ထက်ဝက်လျော့ချနိုင်ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလလောက်မှာ စမတ်ဖုန်းလုပ်ငန်းကနေ အမြတ်အစွန်း ထွက်လာဖို့အတွက်အတွက် ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ တရုတ်က စက်ရုံကို ပိတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာဟာ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေး ပြဿနာတွေကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။
Sony ဟာ ၂၀၁၇ ခုနှစ်လောက်ကတည်းက စမတ်ဖုန်းထုတ်လုပ်မှုကို ထိုင်းနိုင်ငံဆီ တဖြည်းဖြည်း ရွှေ့ပြောင်းနေခဲ့တာ ဖြစ်ပြီး၊ တရုတ်က စက်ရုံကို ယခု အပြီးတိုင် ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
စမတ်ဖုန်းလုပ်ငန်းဟာ Sony ရဲ့ ရလဒ် သိပ်မကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ တခု အပါအဝင် ဖြစ်လာပါတယ်။ ယခုလ အဆုံးသတ်တဲ့ ဘဏ္ဍာရေးနှစ်မှာ Sony စမတ်ဖုန်းလုပ်ငန်းဟာ ယန်း ၉၅ ဘီလျံ ( ကန်ဒေါ်လာ ၈၆၃ သန်း) အရှုံးပြခဲ့ပါတယ်။
အာရှ စမတ်ဖုန်းကုမ္ပဏီတွေနဲ့ ဈေးနှုန်းချင်း ယှဉ်ပြိုင်မှု ပြင်းထန်နေချိန်မှာ Sony အနေနဲ့ စမတ်ဖုန်းလုပ်ငန်းကို ရောင်းပစ်သင့်ကြောင်း ဈေးကွက်ကျွမ်းကျင်သူအချို့က ပြောကြားထားကြပါတယ်။ လက်ရှိ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဝေစုမှာလည်း Sony က ၁ ရာခိုင်နှုန်း အောက်သာ ရှိတော့ပြီး ယခု ဘဏ္ဍာရေးနှစ်မှာ စမတ်ဖုန်းအလုံးရေ ၆.၅ သန်းသာ တင်ပို့ ရောင်းချခဲ့ရပါတယ်။ ဂျပန်နဲ့ ဥရောပဈေးကွက်တွေကိုပဲ အဓိက တင်ပို့ရောင်းချခဲ့ရတာပါ။
ဒါပေမယ့် Sony ကတော့ သူ့စမတ်ဖုန်းလုပ်ငန်းကို လုံးဝရောင်းဖို့ ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ ကားတွေအပါအဝင် Device အမျိုးအစားပေါင်းစုံ ဆက်သွယ်ချိတ်ဆက်လာမယ့် မျိုးဆက်သစ် 5G ကြိုးမဲ့ကွန်ရက်မှာ စမတ်ဖုန်းတွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်မယ်လို့ Sony က ခန့်မှန်းထားပါတယ်။
Ref: Reuters, Bangkok Post