Samsung ဟာ ၂၀၁၉ ခုနှစ်အစမှာပဲ Galaxy A စီးရီး မော်ဒယ်သစ်တွေ တမျိုးပြီး တမျိုး မိတ်ဆက်နေပါတယ်။ Galaxy A10, A20, A30, A40 နဲ့ A50 တို့ ပြီးနောက်မှာ Galaxy A70 မော်ဒယ်အသစ်ကို ထပ်မံ မိတ်ဆက် ကြေညာလိုက်ပြန်ပါပြီ။ အလယ်အလတ်တန်းစား Galaxy A စီးရီး မော်ဒယ်သစ်တွေ အားလုံးထဲမှာ လက်ရှိ အမြင့်ဆုံးမော်ဒယ်လို့ ဆိုနိုင်ပါတယ်။
Samsung Galaxy A70 မှာ ၆.၇ လက်မ အရွယ်အထိ ရှိတဲ့ FHD+ AMOLED Display ကို အသုံးပြုထားပြီး၊ Infinity-U လို့ ခေါ်တဲ့ ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင် အချိုးအစားက 20:9 Aspect Ratio ရှိတာကြောင့် တခြားဖုန်းတွေထက် သိသိသာသာလေး ရှည်နေမှာပါ။ စခရင်အရွယ်အစား ကြီးသွားပေမယ့် လက်ထဲမှာ အဆင်ပြေပြေ ဆုပ်ကိုင်နိုင်အောင် ရှည်ပေးထားတာ ဖြစ်ပါတယ်။
Galaxy A70 ရဲ့ ဒီဇိုင်းကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၊ MWC ပွဲမှာ ကြေညာခဲ့တဲ့ Galaxy A50 နဲ့ တော်တော်လေး ဆင်တူပါတယ်။ 3D Glasstic လို့ခေါ်တဲ့ ပလတ်စတစ်နဲ့ ဖန်သား ရောစပ်ထားတဲ့ ကိုယ်ထည်ကို အသုံးပြုထားကာ၊ ပြောက်လက်တောက်ပနေတဲ့ ကျောဘက်ကိုယ်ထည်မှာ ကျောကင်မရာသုံးလုံးစနစ်ကို တွေ့မြင်ရမှာပါ။ Samsung ရဲ့ အထင်ကရဖြစ်တဲ့ Super AMOLED Dispaly ကို အသုံးပြုထားပြီး၊ မျက်နှာပြင်အောက် လက်ဗွေရာစနစ်လည်း ပါဝင်ပါတယ်။
Galaxy A70 မှာ အသုံးပြုထားတဲ့ Chipset နာမည်ကိုတော့ အတိအကျမပြောထားသေးဘဲ octa-core SoC လို့ပဲ သိရပါသေးတယ်။ ကျောဘက်ကင်မရာသုံးလုံးမှာ အဓိကကင်မရာက 32MP ၊ ဒုတိယမြောက် မြင်ကွင်းကျယ်ကင်မရာက 8MP နဲ့ နောက်ဆုံး တတိယမြောက်အလုံးက 5MP Depth sensor တို့ ဖြစ်ပါတယ်။ RAM အနေနဲ့ 6GB နဲ့ 8GB နှစ်မျိုး ထုတ်မှာဖြစ်ကာ Storage ကတော့ 128GB NAND flash storage ဖြစ်ပါတယ်။ microSD ကတ်လည်း ထပ်စိုက်နိုင်ဦးမှာပါ။ ဘက်ထရီကတော့ 4,500mAh ဘက်ထရီ ပါမယ်လို့ သိရပါတယ်။
Samsung Galaxy A70 ရဲ့ ဈေးနှုန်းနဲ့ အခြားစွမ်းဆောင်ရည်တွေကိုတော့ ဧပြီလ ၁၀ ရက်နေ့ ကျင်းပပြုလုပ်မယ့် အထူးမိတ်ဆက်ပွဲမှာ ထပ်မံ ပြောကြားသွားမှာ ဖြစ်ပါတယ်။ ယခုနှစ်နှောင်းမှာ ဈေးကွက်အတွင်း ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ အရောင်တွေကတော့ သန္တာရောင်၊ အပြာ၊ အနက်နဲ့ အဖြူ လေးမျိုး ရွေးချယ်နိုင်မှာပါ။ ကြီးမားရှည်လျားတဲ့ Super AMOLED မျက်နှာပြင်၊ ဆန်းသစ်တဲ့ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာတွေ ပါဝင်လာမယ့် စွမ်းဆောင်ရည်မြင့် Galaxy A စီးရီးဖုန်းအသစ်တလုံး ဖြစ်ပါတယ်။
Ref: The Verge, Anandtech