Huawei က P30 Pro စမတ်ဖုန်း မိတ်ဆက်ပွဲမှာ ဖုန်းတွေ၊ နာရီ မော်ဒယ်သစ်တွေ သာမက ကုမ္ပဏီရဲ့ ပထမဆုံး စမတ် မျက်မှန်ကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ စမတ် နေကာမျက်မှန်ကိုတော့ အာရှဈေးကွက်မှာ နာမည်ကြီးတဲ့ တောင်ကိုရီးယား မျက်မှန်အမှတ်တံဆိပ် Gentle Monster နဲ့ ပူးပေါင်း ထုတ်လုပ်ထားတာပါ။
The future is now! Together with Gentle Monster we have joined forces to take your wearable intelligence to the next level with #HUAWEI X GENTLE MONSTER EYEWEAR. pic.twitter.com/MrgO2esXK4
— Huawei Mobile (@HuaweiMobile) March 26, 2019
Huawei ရဲ့ စမတ်နေကာမျက်မှန်ဟာ ကင်မရာလည်း တလုံးမှ မပါရှိတဲ့အတွက် သာမန် ဖက်ရှင် နေကာမျက်မှန်တခုလိုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Huawei ရဲ့ မျက်မှန်မှာ ခလုတ်တခုမှလည်း ပါမှာ မဟုတ်ပါဘူး။ ဖုန်းဝင်လာရင် မျက်မှန်ကိုင်းကို ထောက်လိုက်ရုံနဲ့ ဖုန်း လက်ခံပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းနားထောင်၊ ပြောဖို့အတွက် မိုက်ခရိုဖုန်းနှစ်လုံးနဲ့ စပီကာနှစ်ခုတို့ ပါရှိပါတယ်။ မျက်မှန်ကို Earbud နားကြပ်အစားထိုး ဖြစ်အောင် ဒီဇိုင်းထုတ်လုပ်ထားတာလို့ ပြောရမှာပါ။
အင်တာနာ၊ အားသွင်းတဲ့ အစိတ်အပိုင်း၊ မိုက်ခရိုဖုန်း၊ Chipse၊ စပီကာ နဲ့ ဘက်ထရီ အစိတ်အပိုင်းအားလုံးကို မျက်မှန်ကိုင်းထဲမှာပဲ ထည့်ပေးထားပါတယ်။ စပီကာနှစ်လုံးက နားအပေါ်ဘက် မျက်မှန်ကိုင်း နေရာလောက်မှာ ရှိပြီး၊ အသံကောင်းကောင်း ကြားနိုင်တယ်လို့ ဆိုပါတယ်။ အသံနဲ့ ခေါ်ဆိုခိုင်းစေနိုင်တဲ့ Voice Assistant လည်း ပါဝင်မှာပါ။
Huawei စမတ်မျက်မှန် ဝယ်ရင် သားရေနဲ့ ပြုလုပ်ထားတဲ့ မျက်မှန်အိတ်လည်း ပါလာမှာပါ။ မျက်မှန်ဘူးရဲ့ အောက်ဘက်မှာတော့ အားသွင်းဖို့အတွက် USB-C အပေါက် ပါဝင်ပါတယ်။ မျက်မှန်ကို အိတ်ထဲ ထည့်လိုက်တာနဲ့ ကြိုးမဲ့စနစ်နဲ့ အားသွင်းပေးမှာ ဖြစ်ပါတယ်။ မျက်မှန်အိတ်မှာလည်း 2,200mAh ဘက်ထရီတလုံး ပါဝင်မှာပါ။
ရေစိုခံနိုင်မှု အဆင့်သတ်မှတ်ချက် IP67 ရရှိထားတဲ့ Huawei စမတ်နေကာမျက်မှန်ကို ဒီဇိုင်းပုံစံ အမျိုးမျိုးနဲ့ ထုတ်လုပ်ရောင်းချသွားမှာဖြစ်ကာ၊ ၂၀၁၉ ဇွန်လ ဒါမှမဟုတ် ဇူလိုင်လောက်မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။
Ref: Tech Crunch, The Verge