တဖြည်းဖြည်း ကျဆင်းလာတဲ့ တက်ဘလက်ဈေးကွက်ရဲ့ အခြေအနေဟာ ခေါက်ချိုးဖုန်းတွေ ထွက်ပေါ်လာတာကြောင့် ပိုဆိုးရွားလာပါတယ်။ ဒါပေမဲ့ တက်ဘလက်ဈေးကွက်ရဲ့ ထိပ်သီး ကုမ္ပဏီတခုဖြစ်တဲ့ Samsung ကတော့ တက်ဘလက် မော်ဒယ်အသစ်တွေကို ဆက်ထုတ်နေတုန်းပါ။
ယခု အသစ် မိတ်ဆက်လိုက်တဲ့ 2019 Galaxy Tab A 8.0 ဟာ တန်ဖိုးနည်း တက်ဘလက်တခု ဖြစ်ပါတယ်။ တန်ဖိုးနည်း တက်ဘလက် ဖြစ်ပေမယ့် S Pen အသုံးပြုနိုင်စွမ်း ပါဝင်လာပါတယ်။ S Pen နဲ့ ပုံဆွဲ၊ စာမှတ် လုပ်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ သဘောကျမှာပါ။ Galaxy Note 8 က S Pen ကိုပဲ ယခု တက်ဘလက်မှာ ထည့်သွင်းပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Galaxy Tab A 8.0 အသစ်မှာ ၈ လက်မအကျယ် LCD Display ကို အသုံးပြုထားကာ ၁၀ လက်မ မော်ဒယ်ကအတိုင်း 1920×1200 pixels ရုပ်ထွက် အရည်အသွေးရှိတဲ့ Display ဖြစ်ပါတယ်။ Chipset ကလည်း ပိုမိုကြီးမားတဲ့ မော်ဒယ်ကအတိုင်း Exynos 7904 SoC ကို ပြန်လည် အသုံးပြုထားပါတယ်။ RAM ကတော့ ပိုများလာပြီး 3GB ပါဝင်မှာပါ။ ဒေတာသိမ်းဆည်းဖို့ အတွက်ကတော့ 32GB ပါရှိပြီး၊ microSD ကတ်ကနေလည်း 512GB အထိ ထပ်စိုက်နိုင်ပါတယ်။
Tab A 8.0 အသစ်မှာ ၁၁ နာရီအထိ အင်တာနက်အသုံးပြုနိုင်တဲ့ 4,200mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ SIM ကတ်ထည့်သုံးချင်သူတွေအတွက် LTE အသုံးပြုနိုင်တဲ့ မော်ဒယ်လည်း ရွေးချယ်နိုင်မှာပါ။ အလေးချိန် ၃၂၅ ဂရမ်ရှိကာ၊ ၈.၉ မီလီမီတာ အထူ ရှိပါတယ်။
ကင်မရာမှာတော့ တက်ဘလက်ဖြစ်တဲ့အတွက် 8MP (Mega pixel) ကျောကင်မရာတလုံးနဲ့ 5MP ရှေ့ကင်မရာ တလုံးပဲ ထည့်ပေးထားပါတယ်။ Android Pie စနစ်နဲ့ အသုံးပြုနိုင်မှာပါ။ လက်ဗွေရာဆန်ဆာတော့ ပါဝင်လာြခ်ငး မရှိပါဘူး။ တက်ဘလက်က ရေစိုမခံပေမယ့် S Pen ကတော့ ရေစိုခံနိုင်စွမ်း IP68 ရရှိထားပါတယ်။
Samsung Galaxy Tab A 8.0 ကို နယူးဇီလန် နဲ့ UK တို့အပြင် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ဗီယက်နမ် စတဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း ဝယ်ယူရရှိနိုင်မှာပါ။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။
Ref: Android Authority, GSM Arenea