Huawei က ၂၀၁၈ ခုနှစ်အတွက် ဘဏ္ဍာရေးအစီရင်ခံစာကို ယနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နိုင်ငံရေးဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရပေမယ့် Huawei ဟာ ၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်မှာ အရောင်းဝင်ငွေ စုစုပေါင်း တရုတ်ယွမ် ၇၂၁ ဒဿမ ၂ ဘီလျံ (ဒေါ်လာ ၁၀၇ ဒဿမ ၁၃ ဘီလျံ) အထိ ရရှိခဲ့ပြီး၊ ယမန်နှစ်ကထက် ဝင်ငွေ ၁၉ ဒဿမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ကုမ္ပဏီသက်တမ်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဝင်ငွေ ကန်ဒေါ်လာ ၁၀၀ ဘီလျံ ကျော်သွားတာပါ။ ဒါ့အပြင် အသားတင် အမြတ်ငွေလည်း ကန်ဒေါ်လာ ၈ ဒဿမ ၈ ဘီလျံအထိ ရရှိခဲ့ပြီး ယမန်နှစ်ထက် သိသိသာသာ တိုးတက်မှု ပြခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၇ ခုနှစ်မှာ ယခင်နှစ်ထက် အသားတင် အမြတ်ငွေ ၀ ဒဿမ ၄ ရာခိုင်နှုန်းပဲ တိုးတက်မှု ပြခဲ့ပေမယ့် ၂၀၁၈ မှာတော့ ယမန်နှစ်ထက် ၂၅ ဒဿမ ၁ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်။
Huawei ဟာ ၂၀၁၈ ခုနှစ်မှာ အရောင်းဝင်ငွေရဲ့ ၁၄ ဒဿမ ၁ ရာခိုင်နှုန်းရှိတဲ့ ယွမ် ၁၀၁ ဒဿမ ၅ ဘီလျံကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) မှာ ပြန်လည် မြှုပ်နှံခဲ့ပြီး ၂၀၁၈ ခုနှစ် ဥရောပ စက်မှုသုတေသနနှင့်ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှု အမှတ်ပေးဇယားမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ နံပါတ် (၅) ချိတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း သုတေသနနှင့်ဖွံ့ဖြိုးရေးမှာ Huawei က အသုံးပြုခဲ့တဲ့ ငွေဟာ ကန်ဒေါ်လာ ၇၁ ဒဿမ ၄၈ ဘီလျံကျော် ရှိခဲ့ပါတယ်။
ကမ္ဘာ့ဉာဏ မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်း (WIPO) ကနေ တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ Huawei ဟာ ၂၀၁၈ ခုနှစ်မှာ မူပိုင်ခွင့်လျှောက်ထားချက်ပေါင်း ၅,၄၀၅ ခုကို တင်သွင်းခဲ့ပြီး နိုင်ငံတကာ ကုမ္ပဏီတွေထဲမှာ မူပိုင်ခွင့်တင်သွင်းမှု အများဆုံး ကုမ္ပဏီ ဖြစ်ပါတယ်။
အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့က တရုတ်အစိုးရနဲ့ စပ်လျဉ်းတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုတွေကြောင့် 5G ကွန်ရက်ဖော်ဆောင်မှုနဲ့ ဒေတာအဆောက်အအုံတွေမှာ Huawei နည်းပညာပစ္စည်းတွေကို မသုံးဖို့ ပိတ်ပင်ထားပေမယ့် Huawei ရဲ့ စီးပွားရေး အခြေအနေက ပိုမို တိုးတက်မှုရှိလာတာကို အစီရင်ခံအရ သိရှိရပါတယ်။
“ကျနော်တို့နဲ့ လက်တွဲဖို့ ရွေးချယ်ခဲ့တဲ့ ကုမ္ပဏီတွေဟာ 5G နည်းပညာခေတ်မှာ အောင်မြင်တိုးတက်မှု အရှိဆုံး ကုမ္ပဏီတွေ ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။ ထိုနည်းတူ Huawei နဲ့ လက်တွဲမယ့် နိုင်ငံတွေဟာလည်း တိုးတက်လာမယ့် ဒီဂျစ်တယ်စီးပွားရေး အနာဂတ်မှာ အကျိုးအမြတ်တွေ ရရှိမှာ ဖြစ်တယ်”လို့ Huawei ရဲ့ အလှည့်ကျဥက္ကဋ္ဌ Mr. Gou Ping က ပြောကြားခဲ့ပါတယ်။
၂၀၁၆ ခုနှစ်တုန်းက ကမ္ဘာ့ နံပါတ်တစ် စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်လာဖို့ ရည်မှန်းချက် ထားရှိထားကြောင်း ပြောကြားခဲ့တဲ့ Huawei ဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာတော့ ဈေးကွက်ဝေစုနဲ့ တင်ပို့ ရောင်းချမှု ဆိုင်ရာ နှစ်ခုစလုံးမှာ ကမ္ဘာ့နံပါတ် ၂ နေရာကို ရယူနိုင်ခဲ့ပါတယ်။
Ref: Huawei, GSM Arena