Apple ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ AirPower ကတော့ လုံးဝ ဇာတ်သိမ်းသွားပါပြီ။ အရည်အသွေး စံနှုန်းတွေ ပြည့်မီအောင် ထုတ်လုပ်ဖို့ ခဲယဉ်းတာကြောင့် ထုတ်မှာ မဟုတ်တော့ဘူးလို့ Apple က ကြေညာလိုက်ပါတယ်။
“အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် AirPower ဟာ ကျနော်တို့ရဲ့ မြင့်မားတဲ့ စံရည်စံသွေးတွေကို ပြည့်မီနိုင်မှာ မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်ပါတယ်။ ဒီပရောဂျက်ကို ကျနော်တို့ လုံးဝ ရပ်ဆိုင်းလိုက်ပါပြီ။ AirPower ထွက်လာတာကို စောင့်ဆိုင်းနေကြတဲ့ ဝယ်ယူအသုံးပြုသူ များစွာကိုလည်း အနူးအညွတ် တောင်းပန်အပ်ပါတယ်။ နည်းပညာအနာဂတ်ဟာ ကြိုးမဲ့စနစ်ဖြစ်ကြောင်း ကျနော်တို့ ဆက်လက် ယုံကြည်ထားသလို၊ ကြိုးမဲ့စနစ် အသုံးပြုမှု အတွေ့အကြုံကိုလည်း မြှင့်တင်နိုင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်” လို့ Apple Hardware Engineering ဌာနရဲ့ ဒု-ဥက္ကဋ္ဌDan Riccio က ထုတ်ပြန်ကြေညာချက်မှာ ပြောကြားခဲပါတယ်။
ကြိုးမဲ့အားသွင်းနိုင်တဲ့ iPhone, AirPods နားကြပ်နဲ့ Apple Watch နာရီ သုံးခုလုံးကို တပြိုင်တည်း တင်ကာ ကြိုးမဲ့အားသွင်းနိုင်တဲ့ AirPower ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာမှာ iPhone X နဲ့အတူ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မိတ်ဆက်ပြီးနောက် တနှစ်ခွဲကျော် ကြာမြင့်သည့်တိုင် အမှန်တကယ် ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိခဲ့ပါဘူး။
AirPods နားကြပ်တုန်းကလည်း ထုတ်လုပ်မှု အနည်းငယ် နှောင့်နှေးခဲ့ပေမယ့် တကယ် ထွက်ရှိလာနိုင်တာကြောင့် AirPower အပေါ်လည်း ပရိတ်သတ်တွေက မျှော်လင့်ချက် မပျက်ခဲ့ပါဘူး။ မကြာမီက အသစ်မိတ်ဆက်ခဲ့တဲ့ AirPods နားကြပ်အသစ်ဘူးမှာတောင် AirPower ပုံ ပါလာတဲ့အတွက် တကယ်ထွက်လာတော့မယ်ဆိုပြီး ထင်ခဲ့ကြပါတယ်။ အခုတော့ Apple က အားလုံးရဲ့ မျှော်လင့်ချက်တွေကို တရားဝင် အဆုံးသတ်ပေးလိုက်ပါပြီ။
AirPower မှာ အားမဲ့ကြိုးသွင်းပေးနိုင်တဲ့ ကွိုင် အများအပြားနဲ့ ထူးခြားတဲ့ နည်းပညာကို အသုံးပြုထားကာ၊ အားသွင်းပြားပေါ်မှာ အားဝင်တဲ့ နေရာကို ရှာစရာ မလိုဘဲ ကြိုက်တဲ့နေရာကနေတင်ပြီး အားသွင်းနိုင်ပါတယ်။ ဒါပေမယ့် မိတ်ဆက်ပြီးနောက်မှာ Apple အနေနဲ့ AirPower ထုတ်လုပ်ရာမှာ နည်းစနစ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် တခုနဲ့ တခု နီးကပ်နေတဲ့ Multi-coil ဒီဇိုင်းကြောင့် အပူလွန်ကဲမှု ပြဿနာတွေ ရှိနေတယ်လို့ ကြားသိခဲ့ရပါတယ်။
AirPower ကို မိတ်ဆက်ပြီးနောက် ရက်ပေါင်း ၅၅၀ ရက်အကြာ၊ ယနေ့မှာတော့ ဒီ ထုတ်ကုန်ကို လုံးဝ ထုတ်တော့မှာ မဟုတ်ကြောင်း Apple ကိုယ်တိုင်က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Ref: Tech Crunch, The Verge