မျက်နှာပြင်ပြည့် စမတ်ဖုန်းတွေ ထုတ်လုပ်ရာမှာ အဓိကရင်ဆိုင်ရတဲ့ အခက်အခဲကတော့ ရှေ့ကင်မရာ ထားဖို့ နေရာ ဖန်တီးရတာ ဖြစ်ပါတယ်။ ပထမဆုံး Notch ပါတဲ့ ဖုန်းလို့ ဆိုနိုင်တဲ့ Essentail PH-1 ဖုန်းက စလို့ iPhone X အထိ ဖုန်းတွေမှာတော့ ရှေ့ကင်မရာကို Display ပေါ်က Notch အဝိုက်လေးမှာ ထည့်သွင်းထားပြီး၊ အခုအသစ်ထွက်ရှိလာတဲ့ Galaxy S10 ဖုန်းတွေမှာတော့ Display ကို အပေါက်ဖောက်ကာ ရှေ့ကင်မရာကို ထည့်သွင်းထားပါတယ်။
အများနဲ့ မတူတာကတော့ OPPO နဲ့ Vivo ဖုန်းတွေပါ။ ရှေ့ကင်မရာကို ကိုယ်ထည်တွင်း ထည့်သွင်းပြီး၊ အသုံးလိုတဲ့အခါမှ ထွက်လာမယ့် Pop-up ကင်မရာဒီဇိုင်းကို အသုံးပြုခဲ့ပါတယ်။
အခု အသစ်ထွက်ရှိလာမယ့် OPPO စမတ်ဖုန်းတလုံးမှာလည်း ထပ်မံဆန်းသစ်ထားတဲ့ Pop-up ကင်မရာဒီဇိုင်းကို တွေ့မြင်ရဦးမှာပါ။ OPPO ဟာ Reno လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းမှာ ဘေးတဖက်ကနေ တစောင်း ထွက်ပေါ်လာမယ့် သပ်ပုံစံ Pop-up ကင်မရာဒီဇိုင်းကို အသုံးပြုဖို့ ရှိပါတယ်။ OPPO F11 Pro, Vivo V15 Pro တို့က ဒေါင်လိုက် တပ်လာမယ့် Pop-up ကင်မရာအရှည် ပုံစံအစား ဖုန်းရဲ့ ဘေးတဖက်ကနေ အလျားလိုက် တစောင်းထွက်လာမယ့် ဒီဇိုင်းပါ။
Slashleaks ကနေ ထွက်ပေါ်လာတဲ့ အောက်ပါဗီဒီယိုမှာတော့ OPPO Reno ဖုန်း အသုံးပြုနေပုံကို တွေ့မြင်ရမှာပါ။ ဒေါင်လိုက် ထွက်လာမယ့် ကင်မရာအစိတ်အပိုင်းအစား ယခုဒီဇိုင်းက နေရာပိုကျယ်တဲ့အတွက် ရှေ့ကင်မရာနဲ့အတူ လိုအပ်တဲ့ ဖလက်ရှ်မီး၊ တခြားဆန်ဆာတွေကို ဖုန်းဘောင်မလိုဘဲ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းကာဗာထုတ်တဲ့ကုမ္ပဏီကနေ ပေါက်ကြားထားတဲ့ OPPO Reno ကာဗာပုံမှာလည်း အလားတူ ဒီဇိုင်းကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် နောက်လအတွင်းမှာ OPPO ကနေ မိတ်ဆက်ပွဲတခု လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားတာကြောင့် အဆိုပါပွဲမှာ ဒီဖုန်းကို အမှန်တကယ် မြင်တွေ့နိုင်ခြေ ရှိပါတယ်။
OPPO ရဲ့ အမှုဆောင်အရာရှိတဦးကလည်း Reno ဖုန်းနှစ်မျိုး ထုတ်ဖို့ ရှိကြောင်း အရင်က ပြောကြားခဲ့ဖူးပါတယ်။ ဒီထဲက တလုံးမှာ Mirrorless ကင်မရာတွေမှာ တွေ့ရတဲ့ Contrast Autofocus နဲ့ PDAF စနစ်တို့အပြင်၊ ဂရပ်ဖိုက်သတ္တုသုံး အပူဖြန့်ထုတ်စနစ်တို့ ပါဝင်လာမယ်လို့ ဆိုပါတယ်။
နောက်တလုံးမှာတော့ အထက်ပါ Autofocus နည်းပညာနှစ်ခုအပြင် ၁၀ ဆ အထိ Hybrid Zoom ဆွဲနိုင်တဲ့ ကင်မရာစနစ် ပါဝင်လာမှာပါ။ ယခု သပ်ပုံစံ Pop-up ကင်မရာနဲ့ တွေ့မြင်ရတဲ့ Reno ဖုန်းကတော့ အဆိုပါဖုန်းမော်ဒယ်နှစ်ခုထဲက ဘယ်ဖုန်းဖြစ်မလဲ မသိရသေးပါဘူး။ နောက်လထဲ ပွဲကျင်းပဖို့ ရှိတာကြောင့် တရားဝင် မြင်တွေ့ရဖို့ နီးကပ်နေပါပြီ။
Ref: Engadget, Gizmodo