Mi Notebook Air 12.5-inch ၂၀၁၉ မော်ဒယ်သစ်ကို မိတ်ဆက်ပြီးနောက် တရက်အကြာမှာပဲ Xiaomi က နောက်ထပ် Mi Notebook မော်ဒယ်အသစ်နှစ်မျိုးကို တရုတ်ပြည်တွင်း ဈေးကွက်အတွက် ထပ်မံ မိတ်ဆက်ထုတ်လုပ်လိုက်ပါတယ်။
တရုတ်လူမှုကွန်ရက် Weibo ကနေ ကြေညာလိုက်တဲ့ မော်ဒယ်အသစ်နှစ်ခုကတော့ Mi Notebook Air 13.3-inch (2019) နဲ့ Mi Notebook 15.6-inch Pro (2019) တို့ ဖြစ်ပါတယ်။ ဒီမော်ဒယ်သစ်နှစ်ခုလုံးမှာ 8th Generation Intel Core i5 CPU တွေကို အသုံးပြုထားပြီး၊ 8GB RAM ပါဝင်လာမှာပါ။ Mi Notebook Pro 15.6 (2019) ကို တရုတ်နိုင်ငံမှာ ဧပြီလ ၉ ရက်နေ့က စတင်ရောင်းချမှာ ဖြစ်ကာ၊ Mi Notebook Air 13.3 (2019) ကိုတော့ ယနေ့ စတင် ရောင်းချနေပြီ ဖြစ်ပါတယ်
Mi Notebook Air 13.3 အသစ်ရဲ့ ဈေးကတော့ တရုတ်ယွမ် ၅,၃၉၉ (ဒေါ်လာ ၈၀၀ ခန့်) ဖြစ်ပါတယ်။ ၁၃.၃ လက်မ မျက်နှာပြင်၊ 8th Gen Intel Core i5 quad-core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ Nvidia GeForce MX250 ဂရပ်ဖစ်ကတ်နဲ့ ဖြစ်ပါတယ်။ 8GB RAM နဲ့ 256GB SSD တို့ ပါဝင်မှာပါ။ ချိတ်ဆက်မှုပိုင်းအနေနဲ့ USB Type-C တပေါက်၊ HDMI တပေါက်၊ USB 3.0 တပေါက်နဲ့ 3.5mm ဂျက်ပင်ပေါက်တို့ ပါဝင်ပါတယ်။ လက်ပ်တော့ အလေးချိန်က ၁.၃ ကီလိုဂရမ်ပဲ ရှိကာ၊ ကျောဘက်မှာ လိုဂိုတောင် မပါတဲ့ အရိုးရှင်းဆုံး ဒီဇိုင်းနဲ့ ထုတ်ထားပါတယ်။ လက်ပ်တော့ အပူကို လျော့ချဖို့အတွက် သတ္တုဒလက်သုံး ပန်ကာ ပါဝင်တယ်လို့ Xiaomi က ဆိုပါတယ်။ ဒါ့အပြင် Dolby ပတ်လည်အသံပြေးနည်းပညာလည်း ပါဝင်မှာပါ။
Mi Notebook 15.6 Pro (2019) ကိုတော့ တရုတ်ယွမ် ၄,၂၉၉ (ဒေါ်လာ ၆၄၀) နဲ့ ရောင်းချသွားမှာပါ။ ၁၅.၆ လက်မ FullHD+ မျက်နှာပြင် ပါရှိကာ၊ 8th Gen Intel Core i5, 8GB RAM နဲ့ Nvidia GeForce MX110 (2GB VRAM) ဂရပ်ဖစ်ကတ်တို့ သုံးပေးထားပါတယ်။ SSD ကိုတော့ 256GB နဲ့ 512GB ဆိုပြီး ကြိုက်ရာ ရွေးနိုင်မှာပါ။ 12GB RAM မော်ဒယ်လည်း ထုတ်မယ်လို့ သိရပါတယ်။ ဒီမော်ဒယ်အတွက် ဈေးကိုတော့ မကြေညာရသေးပါဘူး။
Mi Notebook 15.6 Pro မှာတော့ အဓိက Interface ပေါင်း ၇ ခု ပါရှိပါတယ်။ 3-in1 Card Reader, USB 3.0 နှစ်ပေါက်၊ USB 2.0 တပေါက်၊ Ethernet တပေါက်၊ HDMI နဲ့ နားကြပ်ပေါက်တို့ ပါဝင်မှာပါ။
Mi Notebook 15.6 (2019) Pro မှာ ပန်ကာနှစ်လုံးပါ အအေးပေးစနစ်ကို အသုံးပြုထားပြီး၊ လေထွက်ပေါက် နှစ်ခု၊ အပူထုတ် ကြေးပိုက်ချောင်း ၂ချောင်းတွဲ ၂ ခု ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ 3W အား စပီကာစနစ်က Mi Notebook Air 13.3 ထက် အသံ အား ၆ ဆ အထိ ကောင်းမွန်မှာ ဖြစ်ပါတယ်။ MS Office လည်း ပါဝင်ပြီး ဖြစ်ပါတယ်။
ဒီမော်ဒယ်နှစ်ခုထက် တရက်စောပြီး မိတ်ဆက်ခဲ့တဲ့ Mi Notebook Air 12.5-inch (2019) မော်ဒယ်မှာတော့ Intel Core m3 CPU နဲ့ 128GB SSD တို့ကို အသုံးပြုထားပါတယ်။ ဒီမော်ဒယ်ကတော့ တရုတ်ယွမ် ၃,၅၉၉ (ဒေါ်လာ ၅၃၀ ခန့်) သာ ကျသင့်မှာပါ။ 256GB SSD နဲ့ လိုချင်ရင်တော့ ၃,၉၉၉ ယွမ် (ဒေါ်လာ ၆၀၀) လောက် ဖြစ်သွားပါလိမ့်မယ်။
Ref: Gadgets 360, Weibo