ယနေ့မှာ Facebook က “Why am I seeing this post?” ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ မိမိ Facebook Newsfeed မှာ မြင်တွေ့နေရတဲ့ ပို့စ်တွေကို ဘာကြောင့် မြင်တွေ့နေရလဲဆိုတာ ရှင်းပြပေးမယ့် လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။
News Feed ရဲ့ ပို့စ် စီစဉ်ဖော်ပြမှုစနစ်အကြောင်းကို app မှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းဖော်ပြပေးလိုက်တာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ပို့စ်ဖော်ပြတဲ့ အယ်ဂရစ်သမ် (Algorithm) ကို ပိုမို ပွင့်လင်းမြင်သာမှု ရှိစေဖို့အတွက် Facebook ရဲ့ ကြိုးပမ်းမှုတခုလည်း ဖြစ်ပါတယ်။
ယခု လုပ်ဆောင်ချက်အသစ်ကို အသုံးပြုချင်ရင် မိမိ Facebook App ကို အရင်ဆုံး Update လုပ်ပေးရမှာ ဖြစ်ပါတယ်။ ထို့နောက် News Feed မှာ ပေါ်လာတဲ့ ပို့စ်တခုခုရဲ့ ညာဘက်ထောင့်က အစက်သုံးစက် ပုံစံ drop-down menu ကို နှိပ်ပေးလိုက်ပါ။ ဒီအခါ Why am I seeing this post ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မိမိ News Feed မှာ ဘယ်လို ပို့စ်တွေ ပေါ်လာမလဲဆိုတာကတော့ မိမိ အသုံးပြုပုံနဲ့ အဓိက သက်ဆိုင်မှာ ဖြစ်ပါတယ်။ Friend, Page ဒါမှမဟုတ် Group က ပို့စ်တွေကို Like နဲ့ Comment ပေးမှုတွေ၊ မိမိ Like နဲ့ Comment ပေးမှုအများဆုံး ပို့စ်အမျိုးအစားတွေ (ဥပမာ-ဓာတ်ပုံ၊ ဗီဒီယို၊ Link စသဖြင့်) နဲ့ အဆိုပါ ပို့စ်ရဲ့ ပေါက်မြောက်မှုတွေက News Feed မှာ ပို့စ်တွေကို ရွေးချယ် ဖော်ပြရာမှာ ထည့်သွင်းစဉ်းစားတဲ့ အဓိက အချက်အလက်တွေ ဖြစ်ပါတယ်။
ပို့စ်တွေ ဘာကြောင့် ပေါ်လဲဆိုတာ ကြည့်နိုင်သလို News Feed ရဲ့ Posts ဖော်ပြမှုပုံစံကိုလည်း ယခု လုပ်ဆောင်ချက်ကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ပို့စ်တင်သူကို အလွယ်တကူ See First, Unfollow လုပ်နိုင်တဲ့ Option တွေ၊ မိမိ မြင်ချင်တဲ့ ပို့စ်တွေ၊ မမြင်ချင်တဲ့ ပို့စ်တွေကို ထိန်းချုပ်နိုင်တဲ့ News Feed Preferences နဲ့ Pirvacy Shortcuts တို့ တပါတည်း စုံလင်စွာ ပါရှိပါတယ်။
“Why am I seeing this post” လုပ်ဆောင်ချက်အကြောင်း သုတေသန ပြုလုပ်ချိန်မှာ အသုံးပြုသူတွေဟာ News Feed အယ်ဂရစ်သမ်ကို ပိုမို ပွင့်လင်းမြင်သာမှု ရှိစေချင်တာကို တွေ့ရှိခဲ့တယ်လို့ Facebook က ဆိုပါတယ်။ အသုံးပြုသူတွေဟာ မိမ News Feed မှာ မြင်ရတဲ့ ပို့စ်တွေကို ပိုမိုထိန်းချုပ်ချင်တာကြောင့် ယခု လုပ်ဆောင်ချက်အသစ်ကို ထုတ်ပေးလိုက်တာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဘလော့ဂ်ပို့စ်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ၂၀၁၄ ခုနှစ်ထဲက ကြော်ငြာတွေအတွက် ထုတ်ပေးထားတဲ့ “Why am I seeing this ad?” လုပ်ဆောင်ချက်ကိုလည်း ပိုမို ပွင့်လင်းမြင်သာမှုရှိအောင် Facebook က လုပ်ပေးလိုက်ပါတယ်။ ကြော်ငြာတခု ကိုယ့်ဆီမှာ ပေါ်လာစေတဲ့ အကြောင်းရင်းအချက်အလက်တွေကို အရင်ကထက် ပိုမို ပြည့်စုံစွာ ကြည့်ရှုလေ့လာနိုင်ပြီ ဖြစ်ပါတယ်။
Ref: Tech Crunch ,Engadget