Sony က ကုမ္ပဏီ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီးနောက်မှာ စမတ်ဖုန်းဌာနကို တီဗီ၊ အသံနဲ့ ကင်မရာ လုပ်ငန်းတွေနဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဌာနတွေကို ပေါင်းစည်းပြီး Sony လျှပ်စစ်ထုတ်ကုန်နှင့် နည်းပညာဌာန ဖြစ်သွားမှာပါ။ ဒီအတွက် Sony Mobile ရဲ့ ဝန်ထမ်းတွေကိုလည်း လျှော့ချဖို့ လုပ်ဆောင်နေပါတယ်။
ဂျပန်နိုင်ငံကနေ ထွက်ပေါ်လာတဲ့ သတင်းတခုအရ ၂၀၂၀ ခုနှစ်၊ မတ်လမှာ Sony စမတ်ဖုန်းဌာနရဲ့ ဝန်ထမ်းအင်အားကို ထက်ဝက် တိတိလျှော့ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ Sony စမတ်ဖုန်းဌာနမှာ ဝန်ထမ်းအင်အား ၄,၀၀၀ ရှိတာကြောင့် ဝန်ထမ်း ၂,၀၀၀ လောက်ပဲ ကျန်မှာ ဖြစ်ပါတယ်။
ဝန်ထမ်းလျှော့ချတဲ့ အထဲမှာပါတဲ့ ဂျပန်လူမျိုး ဝန်ထမ်းအချို့ကိုတော့ ကုမ္ပဏီရဲ့ တခြားဌာနတွေဆီ လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ ဥရောပနဲ့ အရှေ့အာရှက ကုမ္ပဏီ စမတ်ဖုန်းလုပ်ငန်းတွေမှာတော့ လုပ်သက်ပြည့် အငြိမ်းစား ယူခွင့် ကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Sony ဟာ စမတ်ဖုန်းလုပ်ငန်းမှာ အခက်အခဲတွေ ရင်ဆိုင်နေရပြီး၊ ကုမ္ပဏီရဲ့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဝေစုဟာ ၂၀၁၀ မှာ ၃ ရာခိုင်နှုန်းကျော် ရှိခဲ့ပေမယ့် ၂၀၁၈ မှာတော့ ၁ ရာခိုင်နှုန်းတောင် မပြည့်တော့ပါဘူး။ ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း Sony ရဲ့ စမတ်ဖုန်းရောင်းချရမှုဟာလည်း အလုံးရေ ၆ ဒဿမ ၅ သန်းသာ ရှိခဲ့ပါတယ်။
ကျဆင်းလာတဲ့ စမတ်ဖုန်းလုပ်ငန်းကို ကုန်ကျစရိတ် လျှော့ချတဲ့အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း တရုတ်နိုင်ငံမှာရှိတဲ့ စမတ်ဖုန်းစက်ရုံကို ပိတ်ပစ်ခဲ့ရပါသေးတယ်။ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ ပြောင်းလဲရေးနဲ့အတူ ဝန်ထမ်းအင်အား လျှော့ချကာ၊ လုပ်ငန်းလည်ပတ်မှု စရိတ်ကို သက်သာအောင် လုပ်နိုင်ခဲ့ရင် ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ မိုဘိုင်းလုပ်ငန်းကနေ အမြတ်အစွန်း ပြန်ထွက်လာမယ်လို့ Sony က ခန့်မှန်းထားပါတယ်။
အရှေ့တောင်အာရှမှာ စမတ်ဖုန်းရောင်းချမှုကိုလည် ကန့်သတ်သွားတော့မှာဖြစ်ပြီး၊ ဥရောပနဲ့ အရှေ့အာရှ ဈေးကွက်တွေမှာပဲ အာရုံစိုက်သွားတော့မှာ ဖြစ်ပါတယ်။
Ref: GSM, Nikkei