IT

Google နဲ့ Walmart တို့ ပူးပေါင်းကာ အသံနဲ့ စျေးဝယ်ယူနိုင်တဲ့ စနစ်ကို မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Walmart ကနေ စျေးဝယ်တဲ့လူတွေအနေနဲ့ ယခုအခါ အွန်လိုင်းကနေတဆင့် အသံနဲ့ စျေးဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Walmart လက်လီအရောင်းကုမ္ပဏီဟာ Google နဲ့ ပူးပေါင်းပြီး Google Assistant ပါတဲ့ Device တိုင်းမှာ Walmart က ပစ္စည်းတွေကို အသံနဲ့ ဝယ်ယူနိုင်တဲ့ စနစ်တခုကို ထုတ်ပေးလိုက်ပါတယ်။ Walmart Voice Order လို့ အမည်ပေးထားတဲ့ ယခုစနစ်ကို ယခုလအတွင်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

Walmart Voice Order ကို Google Home ဝယ်ယူ အသုံးပြုသူတွေ၊ Assistant ပါတဲ့ စမတ်မျက်နှာပြင် (Smart Displays) နဲ့ Android ဖုန်း iPhones တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

“Google Assistant ပါတဲ့ Device တိုင်းမှာ ‘OK Google, talk to walmart’ လို့ ပြောလိုက်တာနဲ့ အကြိုက်ဆုံး လိမ္မော်ရည်ကို မှာယူနိုင်ပြီ ဖြစ်ပါတယ်” လို့ Walmart က ပြောကြားခဲ့ပါတယ်။

Google Assistant မှာ Walmart ကို ထည့်သွင်းပြီး ကိုယ့်မှာ ရှိပြီးသား Walmart ပစ္စည်းပို့တဲ့ အကောင့်နဲ့ ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ခြမ်းမယ့် ပစ္စည်းတွေကို Cart ထဲ ထည့်သွင်းပြီး၊ ငွေပေးချေ မှာယူနိုင်ပါတယ်။ ပစ္စည်းငွေချေစနစ်တွေ၊ ပစ္စည်းပို့တာတွေကိုတော့ Walmart ကပဲ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အရင် Walmart မှာ ဝယ်ထားဖူးတဲ့ အချက်အလက်တွေ အကူအညီနဲ့ စျေးဝယ်ယူသူက အသံနဲ့ မှာလိုက်တဲ့ ပစ္စည်းကို မှန်ကန်တိကျ မြန်ဆန်စွာ ဖော်ပြပေးမှာဖြစ်ပါတယ်။ စျေးဝယ်သူ လိုချင်တဲ့ ပစ္စည်းကို သိအောင် လုပ်ထားမှာ ဖြစ်တာကြောင့် စိတ်ချလက်ချ အသုံးပြနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

အသုံးများလေ ကိုယ်လိုချင်တဲ့ပစ္စည်းကို Walmart က ပိုသိလေ ဖြစ်လာမှာပါ။ ဥပမာအားဖြင့် စျေးဝယ်သူ မှာနေကြ နို့အမျိုးအစားကို Walmart က သိထားပြီးသားဆိုရင် ‘add milk to my cart’ လို့ ပြောလိုက်တာနဲ့ ကိုယ့်အကြိုက် နို့ အမှတ်တံဆိပ်ကို တန်းမှာနိုင်မှာ ဖြစ်ပါတယ်။

Walmart Voice Order ကို လက်ရှိမှာတော့ Google Assistant ကနေပဲ သုံးနိုင်သေးပြီး၊ အနာဂတ်မှာ အခြား ပလက်ဖောင်းတွေအတွက်လည်း ထုတ်ပေးဖို့ ရှိတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ပြိုင်ဘက် ကုမ္ပဏီ Amazon က စက်ရုပ် အပါအဝင် နည်းပညာသစ်တွေနဲ့ စျေးဝယ်ယူမှု အတွေ့အကြုံကို ကောင်းသထက် ကောင်းအောင် ဆောင်ရွက်နေချိန်မှာ Walmart ကလည်း Amazon အောက် နောက်ကောက် ကျန်မရစ်အောင် နည်းပညာသစ်တွေ ထည့်သွင်းလာပါတယ်။

Amazon မှာလည်း Alexa assistant ကနေတဆင့် အသံနဲ့ စျေးဝယ်ယူနိုင်တဲ့ စနစ် ရှိပြီး ဖြစ်ပါတယ်။ Amazon ရဲ့ ဝန်ဆောင်မှုနဲ့ မတူညီတာကတော့ Walmart ကနေ လူသုံးကုန်ပစ္စည်းတွေ သာမက အစားအသောက်တွေပါ ဝယ်ယူနိုင်မှာပါ။

Walmart ဟာ Cloud နည်းပညာသုံး ဝန်ဆောင်မှုတွေအတွက်လည်း Microsoft နဲ့ ၅ နှစ်တာ လက်တွဲ ထားပါသေးတယ်။

Ref: Daily Mail, The Verge

Did you find apk for android? You can find new Free Android Games and apps.
Loading