IT

Verizon က ကမ္ဘာ့ပထမဆုံး 5G ကွန်ရက်ကို တောင်ကိုရီးယားထက် အရင် လွှင့်တင်

Want create site? Find Free WordPress Themes and plugins.
အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Verizon က ပဉ္စမမျိုးဆက် ကြိုးမဲ့ကွန်ရက် (5G) ကို Minneapolos နဲ့ Chicago တို့မှာ သတ်မှတ်ရက်ထက် စောစီးစွာ လွှင့်တင်ပေးလိုက်ပါတယ်။ ကမ္ဘာ့ပထမဆုံး အများဆုံး 5G မိုဘိုင်းကွန်ရက်ဝန်ဆောင်မှု ဆိုတဲ့ ဂုဏ်ပုဒ်ကို တောင်ကိုရီးယား ကုမ္ပဏီတွေလက်ထဲကနေ လုယူလိုက်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက ဆက်သွယ်ရေး ကုမ္ပဏီ ၃ ခုကတော့ ဈေးကွက်ဝင် 5G မိုဘိုင်းကွန်ရက် ကို ယခုတပတ် သောကြာနေ့မှာ လွှင့်ပေးသွားမှာပါ။
Verizon ဟာ 5G ကွန်ရက်ကို မူလက ဧပြီ ၁၁ ကျမှ စတင် လွှင့်ပေးဖို့ ရက်သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခု ဗုဒ္ဓဟူးနေ့မှာတော့ သတ်မှတ်ရက်ထက် စောစီးစွာ လွှင့်ပေးလိုက်တာပါ။ Minneapolis နဲ့ Chicago မြို့မှာ နေထိုင်သူတွေအနေနဲ့ 5G Moto Mod တပ်သုံးရတဲ့ Moto Z3 လို 5G ဖုန်းတွေကနေ ကွန်ရက်နည်းပညာသစ်ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
“Verizon အသုံးပြုသူတွေဟာ 5G စွမ်းပကားကို ပထမဆုံး ကိုင်တွယ် အသုံးပြုနိုင်သူတွေ ဖြစ်တော့မှာပါ” လို့ Verizon ရဲ့ CEO ဖြစ်သူ Hans Vestberg က ပြောကြားခဲ့ပါတယ်။
“Verizon ဟာ ကမ္ဘာ့ပထမဆုံး အများသုံး broadband 5G ဝန်ဆောင်မှု 5G Home ကို လွန်ခဲ့တဲ့ အောက်တိုဘာက လွှင့်ပေးနိုင်ခဲ့ပါတယ်။ ယနေ့မှာတော့ Chicago နဲ့ Minneapolis တို့က ကျနော်တို့ရဲ့ 5G Ultra Wideband ကွန်ရက်ကို စလွှင့်ပေးလိုက်ပြီး၊ ကမ္ဘာ့ပထမဆုံး အများဆုံး 5G မိုဘိုင်းကွန်ရက်ကို 5G စမတ်ဖုန်းတွေမှာ သုံးနိုင်အောင် လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်” လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။
ယခုနှစ်အတွင်း 5G မိုဘိုင်းကွန်ရက်ကို အမေရိကန်ပြည်ထောင်စုအတွင်းက မြို့ပေါင်း ၃၀ ကျော်မှ ထပ်မံ လွှင့်ပေးသွားမှာ ဖြစ်တယ်လို့ Verizon က ဆိုပါတယ်။
လာမယ့် သောကြာနေ့မှာတော့ တောင်ကိုရီးယားရဲ့ အကြီးဆုံး ကြိုးမဲ့ကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီတွေဖြစ်တဲ့ KT, SK Telecom နဲ့ LG Uplus တို့က Samsung Galaxy S10 ဖုန်းနဲ့အတူ 5G ကွန်ရက်ကို ပြည်သူတွေ သုံးစွဲနိုင်အောင် လွှင့်ပေးတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး အများသုံး 5G မိုဘိုင်းကွန်ရက် ဂုဏ်ပုဒ်ကို မရနိုင်တော့ပေမယ့်လည်း  နိုင်ငံအနှံ့က မြို့ပေါင်း ၈၅ မြို့မှာ တပြိုင်တည်း လွှင့်ပေးသွားမှာ ဖြစ်တာကြောင့် ကမ္ဘာ့အကြီးဆုံး အများသုံး 5G ကွန်ရက်တော့ ဖြစ်သွားမှာပါ။ KT ရဲ့ 5G မိုဘိုင်းကွန်ရက် ဈေးနှုန်းက အကန့်အသတ်မဲ့ဒေတာကို တလ ဒေါ်လာ ၇၀ ကျသင့်မှာပါ။ 4G ဈေးထက် ၆၀ ရာခိုင်နှုန်းလောက် ပိုများမှာ ဖြစ်ပါတယ်။ မြန်နှုန်းကတော့ အဆ ၂၀ လောက်အထိ ပို မြန်လာမှာပါ။
Verizon ရဲ့ 5G ဝန်ဆောင်မှုဈေးနှုန်းကတော့ လက်ရှိ အကန့်အသတ်မဲ့ဒေတာ နှုန်းထား အစီအစဉ်တွေကို တလ ၁၀ ဒေါ်လာ ထပ်တိုးမှာ ဖြစ်ပါတယ်။ အမြင့်ဆုံး Download မြန်နှုန်း 1Gbps နဲ့ Latency 30 မီလီစက္ကန့် လောက်အထိ ပေးစွမ်းနိုင်ပါလိမ့်မယ်။ Samsung ရဲ့ 5G သုံးနိုင်တဲ့ Galaxy S10 5G ဖုန်းကတော့ အမေရိကန်ဈေးကွက်ကို ယခုသုံးလပတ် အကုန်လောက်မှ Verizon ကနေတဆင့် ဝင်လာမှာ ဖြစ်ပါတယ်။

Ref: Nikkei, DailyMail

Did you find apk for android? You can find new Free Android Games and apps.
Loading