Amazon ဟာ ကမ္ဘာ့ပတ်လမ်းကြောင်း အနိမ့်အတွင်း ဂြိုဟ်တု အလုံးရေ ၃,၂၃၆ လုံးတိတိ ကို လွှင့်တင်ကာ ကမ္ဘာအနှံ့ အင်တာနက် ပေးသွားဖို့ စီစဉ်နေပါတယ်။
“Project Kuiper” လို့ အမည်ပေးထားတဲ့ Amazon ရဲ့ အစီအစဉ်ကို ဂြိုဟ်တု ပတ်လမ်းကြောင်းတွေ သတ်မှတ်ပေးတဲ့ နိုင်ငံတကာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးအဖွဲ့အစည်း (ITU) မှာ တင်ထားတဲ့ စာရွက် စာတမ်းတွေကနေတဆင့် သိရှိခဲ့တာ ဖြစ်ပါတယ်။ Amazon ကလည်း “Project Kuiper” ဟာ သူတို့ရဲ့ ပရောဂျက်တွေထဲက တခုဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
“Project Kuiper ဟာ ကမ္ဘာအနှံ့က အင်တာနက် မရရှိသေးတဲ့ ဒေသတွေဆီ Latency နည်းပြီး၊ မြန်နှုန်းမြင့်တဲ့ Broadband အင်တာနက်ပေးမယ့် ပတ်လမ်းကြောင်းနိမ့် ဂြိုဟ်တု ကွန်ရက်စနစ်တခု လွှတ်တင်မယ့် အစီအစဉ် ဖြစ်ပါတယ်။ Broadband အင်တာနက် မရသေးတဲ့ လူသန်းပေါင်း မြောက်များစွာကို အင်တာနက် ဖြည့်ဆည်းပေးမယ့် ကာလရှည်စီမံကိန်းတခုပါ။ ကျနော်တို့နဲ့ ရည်မှန်းချက်ချင်း တူညီတဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း အသင့်ပါပဲ” လို့ Amazon ရဲ့ ပြောရေးဆိုခွင့်ရှိသူက CNBC ကို ပြောကြားခဲ့ပါတယ်။
ထောင်ပေါင်းများစွာသော ဂြိုဟ်တုတွေ ချိတ်ဆက်ထားတဲ့ ကွန်ရက် အသုံးပြုကာ အင်တာနက်လွှင့်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေထဲမှာ Amazon လည်း ပါဝင်လာတာပါ။ သာမန် ဂြိုဟ်တု အင်တာနက်နဲ့ ကွာခြားတာကတော့ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်အတွင်းမှာ ဂြိုဟ်တုတွေ လွှတ်တင် အသုံးပြုခြင်းအားဖြင့် လုပ်ငန်း လည်ပတ်မှု ကုန်ကျစရိတ် သက်သာပြီး ဒေတာပို့ဆောင်ရာမှာလည်း နှောင့်နှေးကြန့်ကြာမှု နည်းပါးစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
Amazon နည်းတူ SpaceX ကုမ္ပဏီကလည်း Starlink ဂြိုဟ်တုစနစ်အတွက် ဂြိုဟ်တု အလုံးရေ ၁၂,၀၀ လောက် လွှင့်တင်သွားဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် OneWeb က ဂြိုလ်တု အလုံးရေ ၆၅၀ နဲ့ Facebook ကလည်း ကိုယ်ပိုင် အင်တာနက်လွှင့် ဂြိုဟ်တုစနစ်ကို အကောင်အထည် ဖော်ဖို့ လုပ်ဆောင်နေကြပါတယ်။
Amazon ရဲ့ Project Kuiper မှာ ဂြိုဟ်တု အလုံးရေ ၃,၂၃၆ လုံးကို အမြင့်ပေ ၃ ခု ခွဲခြား လွှတ်တင်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့မြေပြင်အထက် မိုင်ပေါင်း ၃၆၇ မိုင်မှာ ဂြိုလ်တု ၇၈၄ လုံး၊ အမြင့်ပေ ၃၉၁ မိုင်မှာ ၁,၂၉၆ လုံး နဲ့ အမြင့်ပေ ၃၉၁ မိုင်မှာ ၁,၁၅၆ လုံး ထားရှိသွားမှာပါ။ မြောက် လတ္တီကျု ၅၆ ဒီဂရီ ကနေ တောင် လတ္တီကျု ၅၆ ဒီဂရီ အထိ အင်တာနက် ပေးနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းတိတိကို အင်တာနက်ပေးနိုင်မယ့် အကျယ်အဝန်းပါ။
Amazon ဟာ အဆိုပါ ဂြိုဟ်တုတွေကို ကိုယ်တိုင် ဆောက်မလား၊ တခြားကုမ္ပဏီက ဝယ်မလား ဆိုတာတော့ မသိရသေးပါဘူး။ Amazon CEO Jeff Bezos မှာ ကိုယ်ပိုင် အာကာသလေကြောင်းကုမ္ပဏီ Blue Origin ရှိတာကြောင့် လွှတ်တင်ဖို့ကတော့ သိပ်အခက်အခဲ ရှိမှာ မဟုတ်ပါဘူး။
Project Kuiper မှာ ဂြိုဟ်တုတွေ နဲ့ ဆက်သွယ်ဖို့အတွက်လည်း မြေပြင်အခြေစိုက်စခန်းတွေ လိုအပ်မှာ ဖြစ်ပါတယ်။ AWS Ground Station ဆိုတဲ့ အာကာသနဲ့ မြေပြင် ဆက်သွယ်ရေး Cloud Computing ဝန်ဆောင်မှုတခုကိုတော့ Amazon က ယမန်နှစ်မှာ ထုတ်ထားခဲ့ပြီး ဖြစ်ပါတယ်။
Ref: The Verge, GeekWire