IT

iPhone အတုတွေနဲ့ Apple ထံက ကန်ဒေါ်လာ ၉ သိန်း လိမ်လည်ခဲ့သူ ၂ ဦးကို ဖမ်းဆီး

iPhone အတုတွေနဲ့ Apple ထံက အမေရိကန် ဒေါ်လာ ၉ သိန်းနီးပါး လိမ်လည်ခဲ့တဲ့ တရုတ်လူမျိုး အင်ဂျင်နီယာကျောင်းသားနှစ်ဦးကို ရာဇဝတ်မှုဆိုင်ရာ ပုဒ်မတွေနဲ့ အော်ရီဂွန် ပြည်နယ်တရားရုံးမှာ တရားစွဲဆို ထားပါတယ်။

အမေရိကန်ဗီဇာနဲ့ ကျောင်းတက်နေတဲ့ Quan Jiang နဲ့ Yangyangg Zhou နှစ်ဦးရဲ့ လိမ်လည်မှု အစီအစဉ်ဟာ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တာပါ။ အရင်ဆုံး တရုတ်နိုင်ငံက ဒေါ်လာ ၃၀ လောက်ပဲ တန်တဲ့ iPhone အတုတွေကို အမေရိကန်ပြည်တွင်း မှောင်ခိုသွင်းပြီးတော့မှ ပါဝါ မလာတော့တဲ့ iPhone တွေအဖြစ် Apple ထံ ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

Apple ကလည်း ပေးပို့တဲ့ iPhone အတု တော်တော်များများကို iPhone အစစ်တွေနဲ့ ပြန်လဲပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကုမ္ပဏီအတွက် ဒေါ်လာ ၈၉၅,၈၀၀ ခန့် နစ်နာဆုံးရှုံးမှု ရှိခဲ့ပါတယ်။

အော်ရီဂွန်ပြည်နယ်တက္ကသိုလ်မှာ အင်ဂျင်နီယာ ဒီဂရီကို ပူပူနွေးနွေး ရရှိထားတဲ့ Yangyang Zhou က အမေရိကန်ထဲ iPhone အတုတွေ တင်သွင်းမှုနဲ့ Apple ထံက ပြန်ရတဲ့ iPhone အစစ်တွေကို တရုတ်ပြည် ပြန်ပို့တာတွေကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

လင်းဘန်တန် ဒေသကောလိပ်မှာ အင်ဂျင်နီယာဘာသာရပ် သင်ကြားနေတဲ့ Quan Jiang ကတော့ iPhone အတုတွေကို Apple ထံ အွန်လိုင်းကနေ ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ ပို့ဆောင်ကာ အလုံးသစ် ပြန်လဲပေးဖို့ တောင်းဆိုတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

iPhone အစစ်တွေကို တရုတ်မှာ ပြန်ရောင်းပြီးတဲ့အခါမှာတော့ ကြံရာပါတဦးက Jiang ရဲ့ အမေထံ အမြတ်ငွေ ပြန်လွှဲပေးပြီး၊ ထို့နောက်မှ အမေရိကန်မှာ Jiang သုံးနေတဲ့ အကောင့်ဆီ ငွေပြန်ထည့်ပေးခဲ့တာ ဖြစ်တယ်လို့ တရားရုံးထံ တိုင်ကြားလွှာမှာ ဖော်ပြထားပါတယ်။

Apple Store ကို လာပို့တဲ့ iPhone အတုတွေဟာ ပါဝါ ဖွင့်လို့မရတာကြောင့် ဝန်ထမ်းတွေအနေနဲ့ အတု၊ အစစ် မခွဲခြားနိုင်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ပြည်တွင်းလုံခြုံရေး အေးဂျင့်တဦးက ဆိုပါတယ်။ အဲဒီအချိန်မှာပဲ အာမခံသက်တမ်း ရှိသေးကြောင်း ပြောဆိုကာ iPhone ပြန်လဲပေးဖို့ တောင်းဆိုခဲ့တာာပါ။ iPhone ဝယ်ယူကြောင်း အထောက်အထား မလိုဘဲ အလွယ်တကူ ဖုန်းအသစ် ပြန်လဲပေးခဲ့ပုံပါပဲ။

iPhone အတု အလုံးရေ ၂,၀၀၀ ကျော်ကို အနာအဆာ ရှိတယ် ဆိုပြီး ပြန်ပို့ခဲ့ရာမှာ Apple က အချို့ကို ငြင်းပယ်ခဲ့ပေမယ့် တော်တော်များများကို လက်ခံခဲ့ပါတယ်။ စုစုပေါင်း iPhone အသစ် အလုံးရေ ၁,၄၀၀ ကျော်အထိ ပြန်လဲပေးခဲ့တယ်လို့ သိရပါတယ်။။ အနည်းဆုံး တလုံးကို ဒေါ်လာ ၆၀၀ လောက် ရှိတာကြောင့် စုစုပေါင်း ဒေါ်လာ ၉ သိန်းနီးပါး Apple ဘက်က ဆုံးရှုံးနစ်နာခဲ့ပါတယ်။

Zhou တို့ရဲ့ လိမ်လည်မှုကို အကောက်ခွန်အရာရှိတွေနဲ့ Apple ကုမ္ပဏီက သိရှိပြီးနောက်မှာတော့ Zhou ရဲ့ အိမ်ကို ဝင်ရောက် စီးနင်းရှာဖွေခဲ့ပါတယ်။ နောက်ထပ် စမတ်ဖုန်းအတု အလုံး ၃,၀၀ ကျော်ကိုလည်း Zhou ရဲ့ အိမ်မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

လောလော ဆယ်မှာတော့ Jiang နဲ့ Zhou တို့ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိသေးပါဘူး။ Jiang ကိုတော့ GPS ကတဆင့် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ Zhou ကို တရားမဝင် ပစ္စည်း တင်ပို့မှုနဲ့ စွဲချက်တင်ထားကာ၊ Jiang ကိုတော့ ပစ္စည်းအတုတွေကို မှောင်ခိုတင်သွင်းမှု၊ လိမ်လည်လှည့်ဖျားမှုတို့နဲ့ စွဲချက် တင်ထားပါတယ်။

Ref: The Verge, BGR

Loading