Apple က ဒုတိယမျိုးဆက် AirPods နားကြပ်တွေကို မိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ Apple ရဲ့ ဌာနခွဲတခုဖြစ်တဲ့ Beats က Powerbeats Pro နားကြပ်ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ အရင် Powerbeats ကြိုးမဲ့နားကြပ်တွေ တုန်းက နားကြပ်နှစ်ခုကို ချိတ်ဆက်ထားတဲ့ ကြိုး ပါဝင်ခဲ့ပေမယ့်၊ အခု Powerbeats Pro မှာတော့ ဘာကြိုးမှ မတွေ့ရတော့ပါဘူး။ AirPods အတိုင်း တကယ့် ကြိုးမဲ့နားကြပ် (True wireless earbuds) ဖြစ်သွားပါပြီ။
ကြိုးတင် ဖြုတ်ပစ်လိုက်တာ မဟုတ်ဘဲ Beats က Powerbeats Pro နားကြပ်တခုလုံးကို မူလ ဒီဇိုင်းမပျက်အောင် ပြန်လည် ပြင်ဆင် ထုတ်လုပ်ထားပါတယ်။ အရင် Powerbeats နားကြပ်တွေထက် အရွယ်အစား ၂၃ ရာခိုင်နှုန်း သေးသွားပြီး၊ ၁၇ ရာခိုင်နှုန်း ပိုမို ပေါ့ပါးသွားပါတယ်။ ဒါ့အပြင် ကာလာကိုလည်း အဖြူ အပြင် အနက်၊ အစိမ်းပုပ်နဲ့ အပြာရောင် ၄ မျိုး ထုတ်သွားမှာ ဖြစ်ပါတယ်။
AirPods နဲ့ Powerbeats တို့ရဲ့ အဓိက ကွာခြားချက်ကတော့ ဒီဇိုင်း ဖြစ်ပါတယ်။ Powerbeats Pro ဟာ အားကစားလုပ်၊ လှုပ်ရှားသွားလာချိန်မှာ အလွယ်တကူ ပြုတ်မကျအောင် အထူး ဒီဇိုင်းထုတ်ထားတဲ့ ကြိုးမဲ့နားကြပ်ပါ။ AirPods ဒီဇိုင်း မကြိုက်သူတွေ သဘောကျမယ့် ဒီဇိုင်း ဖြစ်ပါတယ်။
ဆီလီကွန် နားကြပ်ထိပ်ဖူးတွေကို အသုံးပြုထားတဲ့အတွက် နားထဲမှာ ပိုမို မြဲမြံနေမှာပါ။ ရေနဲ့ ချွေးစက် ဝင်ရောက်မှုတွေကနေလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
AirPods 2 ကအတိုင်း Apple ရဲ့ H1 Chip အသစ်ကို Powerbeats Pro မှာ အသုံးပြုထားပါတယ်။ အရင် W1 Chip ထက် ချိတ်ဆက်မှု ပိုမို မြန်ဆန်ကောင်းမွန်လာပြီး၊ ဘက်ထရီလည်း ပိုခံမှာပါ။ အားတခါ သွင်းပြီးရင် ၉ နာရီလောက် ဆက်တိုက် နားထောင်နိုင်တယ်လို့ ဆိုပါတယ်။
ကြိုးမဲ့နားကြပ်တခုအနေနဲ့ ဘက်ထရီသက်တမ်းအကြာဆုံးလို့တောင် ပြောနိုင်ပါတယ်။ AirPods အသစ်လိုပဲ အသံနဲ့ Hey Siri ခေါ် ဆို ခိုင်းစေနိုင်ပါတယ်။ ဒါပေမဲ့ Android ဖုန်းတွေမှာလည်း ကောင်းမွန်စွာ အသုံးပြုနိုင်တဲ့အတွက် တခြား Assistant တွေနဲ့လည်း တွဲဖက် အသုံးပြုနိုင်မှာပါ။
Powerbeats နားကြပ်ကို နားထဲ တပ်လိုက်တာနဲ့ သီချင်း အလိုအလျောက် ပွင့်လာမှာ ဖြစ်ကာ၊ နားထဲက ဖြုတ်လိုက်တာနဲ့ အလိုအလျောက် သီချင်းပိတ်သွားမှာပါ။ အသံ အတိုးအကျယ်နဲ့ သီချင်းအဖွင့်၊ အပိတ် ထိန်းချုပ်နိုင်တဲ့ ခလုတ်လည်း နားကြပ်မှာ ပါရှိပါတယ်။ နားကြပ်က တဖက်ချင်းစီ သီးသန့် အလုပ်လုပ်မှာ ဖြစ်ပါတယ်။ တကယ့် ကြိုးမဲ့နားကြပ် အများစုမှာ ဖုန်းပြောတဲ့ အသံ အရည်အသွေးက သိပ်မကောင်းကြပါဘူး။
Powerbeats 2 မှာတော့ ပါးစပ်လှုပ်ရှားတာကို သိရှိနိုင်တဲ့ Speech-detecting ဆန်ဆာတွေနဲ့ နားကြပ်တခုစီမှာ ဘက်စုံအသံဖမ်းယူနိုင်တဲ့ မိုက်ခရိုဖုန်းတွေကို ထည့်သွင်းထားပြီး၊ အပြင်က ဆူညံသံတွေ မပါဝင်ဘဲ စကားပြောသံကို ကြည်လင်စွာ ဖမ်းယူနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Powerbeats Pro နားကြပ်ကို အားသွင်းချင်ရင် AirPods အတိုင်း အသင့်ပါတဲ့ နားကြပ်ဘူးထဲ ထည့်ပြီး အားသွင်းရုံပါပဲ။ နားကြပ်ဘူးနဲ့ ပေါင်းမယ်ဆိုရင် ၂၄ နာရီလောက် သီချင်း နားထောင်နိုင်ပါတယ်။ နားကြပ်ဘူးကို အားပြန်သွင်းဖို့အတွက်ကတော့ Lightning အပေါက် ပါဝင်ပါတယ်။ Android ဖုန်းပိုင်ရှင်တွေအတွက်လည်း Lightning ကြိး ပါပြီးသား ဖြစ်တယ်လို့ သိရပါတယ်။
Beats ရဲ့ Powerbeats Pro နားကြပ်အသစ်ကို ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၄၉ ဒဿမ ၉၅ ဒေါ်လာနဲ့ မေလအတွင်း ရောင်းချသွားမှာပါ။
Ref: The Verge, GSM Arena