Google ဟာ Android TV မှာကြော်ငြာတွေ ထည့်သွင်းဖို့ အတွက် စမ်းသပ် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ နာမည်ကြီး Android TV မော်ဒယ်အချို့ရဲ့ ပင်မစာမျက်နှာမှာ ကြော်ငြာတွေအတွက် “Sponsored” ချန်နယ်အသစ် ပါလာတာကို XDA Developers က စတင် သတိထားမိခဲ့တာပါ။
ကြော်ငြာချန်နယ် ပါလာတဲ့ Android TV မော်ဒယ်တွေကတော့ Sony ရဲ့ စမတ်တီဗီတွေ၊ Xiaomi ရဲ့ Mi Box 3 နဲ့ Nvidia Shield TV တို့ ဖြစ်ပါတယ်။ ကြိုတင် အသိပေးထားခြင်း မရှိဘဲ ကြော်ငြာတွေ ထည့်ဖို့ လုပ်နေတဲ့အတွက် အသုံးပြုသူအများအပြားက Google ကို မကျေမချမ်း ဖြစ်နေကြပါတယ်။ ဒေါ်လာ ၁,၀၀၀ လောက် ပေးဝယ်ရတဲ့ Sony 900F တီဗီတွေမှာပါ ကြော်ငြာတွေ တွေ့နေရတယ်လို့ Reddit အသုံးပြုသူတယောက်က ရေးသားထားပါတယ်။
Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ Android TV မှာ ကြော်ငြာတွေ ထည့်သွင်းနေတာဟာ ကနဦးစမ်းသပ်တဲ့ အစီအစဉ်တခုသာ ဖြစ်တယ်လို့ XDA Developers ကို ပြောကြားခဲ့ပါတယ်။ Android TV ဟာ နေအိမ်ဖျော်ဖြေရေးစနစ်ကို အကောင်းဆုံး၊ အသင့်တော်ဆုံးဖြစ်အောင် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Sony စမတ်တီဗီတွေမှာ ကြော်ငြာတွေ ပေါ်လာတာနဲ့ ပတ်သတ်ပြီး Sony ကတော့ Google ကိုပဲ လွှဲချထားပါတယ်။ အသစ်ထွက်ရှိလာတဲ့ Android TV Launcher App (ပင်မစာမျက်နှာ) မှာ ကြော်ငြာချန်နယ် ပါဝင်လာတာဖြစ်ပြီး၊ သင့် တီဗီအတွက် Apps အသစ်တွေ၊ ရုပ်ရှင်၊ဗီဒီယို အသစ်တွေကို ရှာဖွေ ဖော်ပြပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဆိုပါ ချန်နယ်ကို Google ကပဲ ကိုင်ထားပြီး၊ ပြင်ဆင်ပြောင်းလဲမှုတွေ မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ ကြော်ငြာချန်နယ်ကို ပိတ်ထားချင်ရင် တီဗီမှာ ကိုယ်သုံးချင်တဲ့ Apps တွေပဲ ပါတဲ့ Restriced Profile တခု ထည့်ပေးမှပဲ ရမယ်လို့ Sony က ပြောကြားခဲ့ပါတယ်။
Android TV က ကြော်ငြာတွေကို ဖျောက်ပစ်လို့ရတဲ့ နည်းလမ်းတော့ လောလောဆယ် မရှိသေးပါဘူး။ အဓိကကျတဲ့ “Android TV Core Services” တွေနဲ့ Auto-updates တွေကို ပိတ်ပစ်ပြီး၊ နောက်ဆုံး Update ကို ပြန်ဖြုတ်ပစ်ခဲ့သည့်တိုင်အောင် တီဗီ ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် ကြော်ငြာချန်နယ် ပြန်ပေါ်လာဆဲ ဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ကြော်ငြာနေရာလွတ်တွေပဲ မြင်နေရဦးမှာပါ။
စမတ်တီဗီတွေမှာ ကြော်ငြာထည့်ဖို့ ကြိုးစားနေတာက Gooogle ကုမ္ပဏီတခုတည်းတော့ မဟုတ်ပါဘူး။ ၂၀၁၆ တုန်းကလည်း Samsung က သူ့ စမတ်တီဗီတွေမှာ အလားတူ ကြော်ငြာထည်ဖို့ လုပ်ဆောင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ Vizio ကလည်း ပစ်မှတ်ထားကြော်ငြာတွေကို စမတ်တီဗီမှာ ပြနိုင်တဲ့ စံနှုန်းအသစ်တခုကို လုပ်ဆောင်နေတယ်လို့ ကြေညာထားပါတယ်။
Android TV မှာ ကြော်ငြာထည့်တဲ့ စနစ်ကို Google က စမ်းသပ်နေဆဲပဲ ရှိသေးတာကြောင့် Android TV အားလုံးမှာ ပါဝင်လာဖို့ မသေချာသေးပါဘူး။
Ref: The Verge, XDA Developers