IT

၂၀၁၈ ဟာ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိုင်း မှတ်ကျောက်တင်နိုင်ခဲ့တဲ့နှစ် ဖြစ်ကြောင်း Huawei ပြော

၂၀၁၈ ခုနှစ်ဟာ Huawei အတွက် ကြမ်းတမ်းတဲ့ နှစ်တနှစ်လို့ ဆိုရမှာပါ။ အနောက်နိုင်ငံဈေးကွက်တွေမှာနိုင်ငံရေးနဲ့ စပ်လျဉ်းတဲ့ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီး၊ ပိတ်ပင်တားဆီးမှုအချို့ပါ ခံခဲ့ရပါတယ်။ အခက်အခဲတွေ ရှိခဲ့သော်ငြား ၂၀၁၈ ခုနှစ်ဟာ ကုမ္ပဏီအတွက် စီးပွားရေးနဲ့ ဘဏ္ဍာရေးပိုင်းမှာ မှတ်ကျောက် တင်နိုင်ခဲ့တဲ့ နှစ်ဖြစ်ကြောင်း Huawei က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ နှစ်စဉ်အစီရင်ခံစာအရ Huawei ဟာ ၂၀၁၈ ခုနှစ်မှာ စုစုပေါင်း အရောင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၅ ဒဿမ ၁၉ ဘီလျံအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ မနှစ်ကထက် ၁၉ ဒဿမ ၅ ရာခိုင်နှုန်း ပိုမိုများပြားလာတာပါ။ ဒါ့အပြင် ကုမ္ပဏီသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဝင်ငွေ ကန်ဒေါ်လာ ၁၀၀ ဘီလျံ ကျော်သွားတာလည်း ဖြစ်ပါတယ်။ အသားတင် အမြတ်ငွေ ၈ ဒဿမ ၈ ဘီလျံ ဒေါ်လာ ရရှိခဲ့ပြီး၊ ရှေ့အရင်နှစ်ထက် ၂၅ ရာခိုင်နှုန်း ပိုမို များပြားလာတာ ဖြစ်ပါတယ်။

အရောင်းဝင်ငွေ အများစုကိုတော့ Huawei ရဲ့ အဓိကစီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ Consumer Business ကနေ ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာ Consumer Business ကနေ ဒေါ်လာ ၅၂ ဘီလျံ ရရှိခဲ့ကာ ယမန်နှစ်ထက် ၄၅ ဒဿမ ၁ ရာခိုင်နှုန်း အထိ ပိုများလာတာပါ။ ယမန်နှစ်မှာ ဖုန်းပေါင်း အလုံးရေ ၁၀၀ မီလျံ ကျော် ရောင်းချခဲ့ရပြီး၊ မြန်မာနိုင်ငံ တနိုင်ငံတည်းမှာတင် စမတ်ဖုန်းအလုံးရေ ၁ မီလျံကျော် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေး ကွန်ရက်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ Carrier Business ကတော့ ၂၀၁၈ မှာ ဒေါ်လာ ၄၃ ဒဿမ ၉ ဘီလျံ ရှာပေးနိုင်ခဲ့ပါတယ်။ ဒီ လုပ်ငန်းမှာတော့ ဝင်ငွေက မနှစ်ကထက် မဆိုစလောက် လျော့နည်းခဲ့ပါတယ်။ Enterprise Business မှာတော့ အရောင်းဝင်ငွေ ၁၀ ဒဿမ ၈၅ ဘီလျံ ရရှိခဲ့ကာ ယမန်နှစ်ထက် ၂၃ ဒဿမ ၈ ရာခိုင်နှုန်း ပိုများလာပါတယ်။

Huawei ဟာ တနှစ်တာ အရောင်းဝင်ငွေရဲ့ ၁၄ ဒဿမ ၁ ရာခိုင်နှုန်းရှိတဲ့ ဒေါ်လာ ၁၄ ဒဿမ ၈၀ ဘီလျံကို သုတေသနနှင့် ဖွံ့ဖြိုးမှုကဏ္ဍအတွက် ပြန်လည် ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ ၂၀၁၈ ဥရောပ စက်မှုသုတေသနနှင့် ဖွံ့ဖြိုးမှု အမှတ်ပေးဇယားမှာ ကမ္ဘာ့အဆင့် (၁) နေရာ ရရှိထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း Huawei ရဲ့ တိုးတက်မှုနှုန်းက အားရစရာကောင်းကြောင်း Huawei Myanmar ရဲ့ ဒုတိယအထွေထွေမန်နေဂျာ Bob Zhu က ပြောကြားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စမတ်ဖုန်းအလုံးရေ ၁ မီလျံကျော် ရောင်းချနိုင်ခဲ့ပြီး၊ Consumer Business က ယမန်နှစ်ထက် ၃၆ ရာခိုင်နှုန်း ပိုတိုးတက်လာတယ်လို့ ဆိုပါတယ်။ Enterprise Business မှာလည်း အများကြီး ထိုးဖောက်နိုင်ခဲ့ပါတယ်။

KBZ နဲ့ ပူးပေါင်းကာ သုံးစွဲသူ ၂ မီလျံအထိ ဝန်ဆောင်မှုပေးနိုင်တဲ့ KBZ Pay ငွေပေးချေဝန်ဆောင်မှုကို စတင် ဆောင်ရွက်ပေးခဲ့ပြီး ဝန်ဆောင်မှုနယ်ပယ်တွေ ဆက်လက်ကြီးထွားနေတယ်လို့ သိရပါတယ်။

“Huawei ဟာ ပြီးခဲ့တဲ့နှစ်မှာ စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရတယ် ဆိုတာ သိပြီး ဖြစ်ကြမှာပါ။ နည်းစနစ်ပိုင်းဆိုင်ရာထက် နိုင်ငံရေးနဲ့ စပ်လျဉ်းတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ရဲ့ Customers အများစုက အယုံအကြည်မပျက် ဆက်ရှိနေပြီး၊ ဈေးကွက်အတွက် ကျနော်တို့ရဲ့ အားဖြည့်မှုတွေကို အသိအမှတ်ပြုထားကြပါတယ်”

“အထူးသဖြင့် မြန်မာနိုင်ငံမှာပါ။ ဒီလို ထောက်ခံအားပေးမှုတွေအတွက်လည်း လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။ သုံးစွဲသူတွေနဲ့ ဆက်သွယ် ပူးပေါင်းပြီး နိုင်ငံနဲ့ အသုံးပြုသူတွေ ပိုမို အကျိုးရှိစေမယ့် သာလွန်ကောင်းမွန်တဲ့ ဆန်းသစ်တီထွင်မှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ Bob Zhu က ပြောကြားခဲ့ပါတယ်။

Ref: Huawei, Android Authority

Loading