Samsung ဟာ အိန္ဒိယ စမတ်တီဗီဈေးကွက်မှာ ကြီးစိုးနေတဲ့ Xiaomi ကို ယှဉ်ပြိုင်ဖို့အတွက် Unbox Magic ဆိုတဲ့ စမတ်တီဗီ စီးရီးအသစ်တခုကို မိတ်ဆက်လိုက်ပါတယ်။ တခြား စမတ်တီဗီတွေနဲ့ မတူ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Samsung စမတ်တီဗီ အသစ်တွေ ဖြစ်ပါတယ်။
Unbox Magic စမတ်တီဗီတွေကို အနိမ့်ဆုံး ရူပီး ၂၄,၉၀၀ (ဒေါ်လာ ၃၆၀ ခန့်) နဲ့ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးနဲ့ အရွယ်အစား အမျိုးမျိုး ထုတ်လုပ်သွားမှာပါ။ HD အရည်အသွေးရှိ ၃၂ လက်မ မော်ဒယ်ကနေ 4K အရည်အသွေးရှိ ၈၂ လက်မ မော်ဒယ်အထိ စုံလင်စွာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Unbox Magic စမတ်တီဗီတွေရဲ့ အဓိက ထူးခြားချက်ကတော့ တခြား စမတ်တီဗီတော်တော်များများမှာ မတွေ့ရတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တာပါ။ Personal Computer၊ Music System၊ Home Cloud၊ Live Cast နဲ့ Two Way Sharing စတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။
Personal Computer ဆိုတာကတော့ စမတ်တီဗီကို ကွန်ပျူတာတလုံးလို သုံးနိုင်အောင် လုပ်ပေးထားတဲ့ လုပ်ဆောင်ချက်ပါ။ အင်တာနက် ရှာဖွေကြည့်ရှုတာ တင်မကဘဲ တီဗီကနေ စာရွက်စာတမ်းတွေ ဖန်တီးနိုင်ပြီး၊ Cloud ပေါ်ကနေ အလုပ် လုပ်နိုင်ပါတယ်။ ကွန်ပျူတာ Screen ကိုလည်း စမတ်တီဗီဖန်သားပြင်မှာ အင်တာနက်လိုင်း မလိုဘဲ ကြိုးမဲ့ ဖော်ပြပေးနိုင်မှာပါ။
ဒါ့အပြင် အင်တာနက်ရှိရုံနဲ့ ကွန်ပျူတာကို မည်သည့်နေရာကနေမဆို လှမ်းထိန်းချုပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လုံခြုံရေးအတွက် Samsung Knox စနစ် ပါဝင်ပြီး၊ Microsoft Office 365 ကို Cloud ပေါ်ကနေ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
Music System ကတော့ သီချင်းနားထောင်တဲ့အခါ ပုံစံ၊ အရောင်အသွေးမျိုးစုံရှိတဲ့ Skins တွေကို ရွေးချယ်ပြီး၊ တီဗီဖန်သားပြင်မှာ အလှဆင် ဖော်ပြထားနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ Device အမျိုးမျိုးက သီချင်းစာရင်းတွေကို ထိန်းချုပ်နိုင်ပြီး၊ နောက်ထပ် စပီကာတွေ တပ်ဆင်ကာ အကောင်းဆုံး နားဆင်ခံစားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Home Cloud ကတော့ အိမ်သုံး Cloud စနစ်တခုလို့ ဆိုရမှာပါ။ စမတ်ဖုန်းထဲက ဓာတ်ပုံ၊ ဗီဒီယိုတွေကို အင်တာနက်လိုင်းမလိုဘဲ တီဗီမှာ တပ်ထားတဲ့ USB drive ထဲ အလိုအလျောက် ကြိုးမဲ့ ပေးပို့နိုင်ပါတယ်။ တီဗီနားကို စမတ်ဖုန်း ယူလာတာနဲ့ Drive ထဲ ပုံတွေ အလိုလို သိမ်းပေးမှာပါ။ အဆိုပါ ပုံတွေကို တခြား စမတ်ဖုန်းထံလည်း အင်တာနက်လိုင်းမလိုဘဲ စမတ်တီဗီကနေတဆင့် မျှဝေပေးနိုင်ပါတယ်။
Live Cast ကတော့ အင်တာနက်လိုင်းရှိရုံနဲ့ မည်သည့်နေရာကနေ မဆို စမတ်ဖုန်းက မြင်ကွင်းတွေကို စမတ်တီဗီ ဖန်သားပြင်မှာ တိုက်ရိုက် လွှင့်ပြပေးနိုင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။
Two Way Sharing မှာတော့ စမတ်ဖုန်းနဲ့ စမတ်တီဗီတို့အကြား ဖိုင်တွေကို အပြန်အလှန် မျှဝေ အသုံးပြုနိုင်ပါတယ်။ ဖုန်းက သီချင်း၊ ဗီဒီယိုတွေကို စမတ်တီဗီမှာ ဖန်သားပြင်ကြီးကြီးနဲ့ ဖွင့်ကြည့်နိုင်ပြီး၊ တီဗီက လာနေတာကိုလည်း စမတ်ဖုန်းမှာအင်တာနက်မလိုဘဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Samsung Unbox Magic စမတ်တီဗီအသစ်တွေကို Samsung Smart Plazas နဲ့ နာမည်ကြီး အီလက်ထရောနစ်စတိုးတိုင်းမှာ ယခုတပတ်အတွင်း စတင်ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: Fone Arena, BGR