OPPO က မော်ဒယ်မြင့် Flagship စမတ်ဖုန်းအသစ်တမျိုးကို တရုတ်နိုင်ငံမှာ ယနေ့ မိတ်ဆက်လိုက်ပါတယ်။ မနှစ်က Find X ပြီးနောက် အကောင်းဆုံး Specs တွေနဲ့ ပြန်လည် ထွက်ရှိလာတဲ့ OPPO ဖုန်းတလုံး ဖြစ်ပါတယ်။
OPPO Reno မှာ လက်ရှိ စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်တဲ့ Snapdragon 855 Chipset၊ 48-megapixel ကင်မရာ နဲ့ 10x optical zoom lens တို့ကို အသုံးပြုထာပါတယ်။ Screen အပြည့် ဖုန်းတလုံးဖြစ်ပေမယ့် မျက်နှာပြင်မှာ Notch ပါဝင်မှာ မဟုတ်ပါဘူး။ ကောလာဟလတွေ ထွက်ရှိခဲ့တဲ့အတိုင်း ဖုန်းကိုယ်ထည် အတွင်းကနေ ထွက်လာမယ့် Pop-up ရှေ့ကင်မရာကို အသုံးပြုထားပါတယ်။
မြင်နေကျ Pop-up ကင်မရာ ဒီဇိုင်းမျိုးတော့ မဟုတ်ပါဘူး။ ထူးခြားတဲ့ လျှောစောင်း ဒီဇိုင်းနဲ့ပါ။ Selfie ရိုက်ချင်တဲ့အခါ ဒါမှမဟုတ် ဖုန်းကို မျက်နှာနဲ့ ဖွင့်ချင်တဲ့အခါမှာ လျှောစောင်းပုံစံ ကင်မရာအစိတ်အပိုင်းက ဖုန်းထဲက ပွင့်ထွက်လာမှာပါ။ ဒီအစိတ်အပိုင်းထဲမှာ ရှေ့ကင်မရာနဲ့ ဖလက်ရှ်မီး တို့ကို ထည့်သွင်းထားပါတယ်။ 3D Face Unlock စနစ်နဲ့တော့ မဟုတ်ပါဘူး။ ဒီ့အစား မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာ ပါဝင်မှာပါ။
OPPO Reno ကို ဗားရှင်း ၂ မျိုးနဲ့ ရရှိမှာပါ။ ရိုးရိုး Reno နဲ့ Reno 10x Zoom Edition ဆိုပြီး ဖြစ်ပါတယ်။ ရိုးရိုး မော်ဒယ်မှာ ၆.၄ လက်မ အရွယ် OLED မျက်နှာပြင်၊ Snapdragon 710 Chipset၊ 48MP နဲ့ မြင်ကွင်းကျယ် Ultrawide ကျောကင်မရာနှစ်လုံး တို့ ပါဝင်ပါတယ်။
ပိုမို စွမ်းဆောင်ရည်မြင့်တဲ့ 10x Zoom Edition မှာတော့ OLED မျက်နှာပြင်က ၆.၆ လက်မ ဖြစ်သွားပါတယ်။ Chipset ကလည်း Snapdragon 855 ဖြစ်သွားကာ ၁၀ ဆ Zoom ဆွဲနိုင်တဲ့ တတိယမြောက် ကျောကင်မရာ တို့ ပါဝင်လာပါတယ်။ ဖုန်းဗားရှင်းနှစ်ခုလုံးမှာ NFC နဲ့ VOOC 3.0 အားအမြန်သွင်းစနစ်တို့ ပါဝင်မှာပါ။ အရောင် လေးရောင် ထုတ်သွားမှာ ဖြစ်ပါတယ်။
6GB RAM နဲ့ 128GB ပါတဲ့ ရိုးရိုး Reno ကို ၄၅၀ ဒေါ်လာ၊ 6GB RAM နဲ့ 256GB ကို ၄၉၀ ဒေါ်လာ ပေးရမှာပါ။ 8GB RAM နဲ့ 256GB မော်ဒယ်လိုချင်ရင်တော့ ၅၄၀ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ 10x Zoom ဆွဲနိုင်တဲ့ Reno ကို လိုချင်ရင်တော့ အနိမ့်ဆုံး 6GB/128GB ကို ဒေါ်လာ ၆၀၀၊ 6GB/256GB ကို ၆၇၀ ဒေါ်လာ နဲ့ အမြင့်ဆုံး 8GB/256GB ကို ၇၁၀ ဒေါ်လာ ပေးရမှာ ဖြစ်ပါတယ်။
ဥရောပ၊ အိန္ဒိယနဲ့ အခြား ဈေးကွက်တွေအတွက် Reno ဖုန်း ဈေးနှုန်းတွေကိုတော့ ဧပြီ ၂၄ ရက်နေ့၊ ကမ္ဘာ့ဈေးကွက်အတွက် မိတ်ဆက်မယ့်ပွဲမှာ ကြေညာသွားဖို့ ရှိပါတယ်။
Ref: The Verge