Huawei က သူ့စမတ်ဖုန်းတွေအတွက် ကိုယ်ပိုင် Chipset တွေနဲ့ Modem တွေ ထုတ်နေခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ ဒီ ပစ္စည်းတွေကို ပြိုင်ဘက်ကုမ္ပဏီတွေထံ ရောင်းချဖို့ကိုလည်း ငြင်းဆန်ထားပါတယ်။ ဒါပေမဲ့ မကြာခင်မှာတော့ မူဝါဒ အနည်းငယ် လျော့သွားတော့မှာပါ။
Huawei ဟာ ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ 5G Balong 5000 Modem တွေကို တခြားကုမ္ပဏီတွေထံ ရောင်းချဖို့ လက်ခံ စဉ်းစားနေပြီ ဖြစ်တယ်လို့ အတွင်း သတင်းရင်းမြစ်တခုက Engadget သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ Apple ကုမ္ပဏီတခုတည်းကိုပဲ ရောင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Huawei ရဲ့ 5G Balong 5000 ဟာ 2G/3G/4G/5G အကုန်လုံး အသုံးပြုနိုင်တဲ့ Modem တခု ဖြစ်ပါတယ်။
ဒီသတင်းသာ အမှန်ဆိုရင်တော့ ထူးဆန်းတယ်လို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ Chips ရောင်းချမှုဟာ ကုမ္ပဏီ ကျွမ်းကျင်ရာ နယ်ပယ် မဟုတ်ကြောင်း ကုမ္ပဏီ ကိုယ်စားလှယ်တဦးက ယခုနှစ် အစောပိုင်းတုန်းက ထုတ်ဖော်ပြောကြားခဲ့ဖူးလို့ပါ။ “Balong ကို Huawei ဖုန်းတွေ၊ IoT ထုတ်ကုန်တွေနဲ့ စမတ်ပစ္စည်းတွေမှာသာ သုံးဖို့ အဓိက ရည်ရွယ်ထားပြီး၊ ကုမ္ပဏီတွင်း သုံးဖို့ပဲ ဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့ အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီ ဖြစ်လာဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတဲ့ Huawei က Apple လို အဓိက ပြိုင်ဘက်ကုမ္ပဏီကို 5G နည်းပညာ ကမ်းလှမ်းတာကတော့ တော်တော်လေး ထူးဆန်းပါတယ်။
Apple အနေနဲ့လည်း 5G iPhone ထုတ်လုပ်ဖို့ရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ Qualcomm နဲ့ ခွာပြဲထားသလို၊ Modem ရောင်းပေးနေတဲ့ တခုတည်းသော ကုမ္ပဏီ Intel ကလည်း ၂၀၂၀ နှစ်ဝက်လောက်မှ 5G Modem ရမယ်လို့ ပြောထားပါတယ်။ Intel ဘက်က နည်းပညာ ဖော်ဆောင်မှု အဆင့်အချို့မှာ သတ်မှတ်ရက် မမီနိုင်ခဲ့ခြင်းအပေါ် စိတ်ပျက်နေတယ်လို့ သတင်းထွက်နေပါတယ်။
Apple နဲ့ Huawei တို့အကြား ပြောဆိုဆွေးနွေးမှုတွေ ရှိနေပြီလား ဆိုတာကိုတော့ မသိရသေးပါဘူး၊ ကုမ္ပဏီနှစ်ခုလုံးက ယခုသတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။
Ref: Engadget