IT

Snapdragon 850 အသုံးပြုထားတဲ့ Matebook E 2019 ကို Huaewi မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ပွဲတခုမှာ Huawei က 2-in-1 Notebook အမျိုးအစားဖြစ်တဲ့ Matebook E 2019 မော်ဒယ်သစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဆယ်လူလာကွန်ရက် ချိတ်ဆက်နိုင်တဲ့ Huawei ရဲ့ ပထမဆုံးသော always-connect PC ပါ။ 4G LTE အသုံးပြုနိုင်တဲ့ nano-SIM ကတ် စိုက်ဖို့ အပေါက်တခု ပါဝင်မှာ ဖြစ်ပါတယ်။

Huawei Matebook E 2019 မှာ Snapdragon 850 Chipset ကို အသုံးပြုထားပြီး၊ Windows 10 Home စနစ်နဲ့ ဖြစ်ပါတယ်။ 8GB RAM ပါဝင်ပြီး၊ 256GB နဲ့ 512GB UFS Storage နှစ်မျိုး ရရှိမှာပါ။ nano-SIM ကတ် ထည့်ကာ 4G LTE ချိတ်ဆက် အသုံးပြုနိုင်ပြီး၊ 4×4 MIMO အင်တာနာနည်းပညာ ပါဝင်တာကြောင့် အခန်းထဲ ရောက်နေသည့်တိုင် လိုင်းပြတ်သွားမှာ မဟုတ်ပါဘူး။ Bluetooth 5.0 နဲ့ dual-band Wi-Fi တို့လည်း ပါဝင်ပါတယ်။

မျက်နှာပြင်ကတော့ ၁၂ လက်မ အကျယ်ရှိတဲ့ 3:2 မြင်ကွင်းအချိုးအစားသုံး 2K Display နဲ့ ဖြစ်ပါတယ်။ Touch နဲ့ Huawei M-Pen Lite stylus တို့ အသုံးပြုနိုင်မှာပါ။ ချွေးကွက်တွေနဲ့ လက်ရာတွေ ထင်ကျန်မနေစေဖို့အတွက် Oleophobic အလွှာတခု သုတ်ပေးထားပါတယ်။ TUV Rheinland အသိအမှတ်ပြု မျက်နှာပြင် ဖြစ်တာကြောင့် မျက်စိ ညောင်းညာကိုက်ခဲမှု ဖြစ်စေတဲ့ Blue-light ထုတ်လွှတ်မှု မရှိဘဲ စိတ်ချလက်ချ အသုံးပြုနိုင်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။

ရှေ့ဘက်မှာ ဗီဒီယိုခေါ်ဆိုမှုတွေ လုပ်ဖို့အတွက် 5MP ကင်မရာတလုံး ပါဝင်ပြီး၊ ကျောဘက်မှာလည်း ကင်မရာရိုက်ဖို့အတွက် 13MP ကင်မရာတလုံး ပါဝင်ပါတယ်။ လုံခြုံရေးအတွက် ဘေးဘက်မှာလည်း လက်ဗွေရာဆန်ဆာ ထည့်ပေးထားပါသေးတယ်။

အသံစနစ်အတွက်ကတော့ Huawei Matebook E 2019 မှာ စပီကာနှစ်လုံးနဲ့ ပတ်လည်ပြေး အသံစနစ် ခံစားမှုမျိုး ပေးစွမ်းနိုင်တဲ့ Dolby Atmos စနစ်တို့ ပါဝင်ပါတယ်။ Port ကတော့ USB Type-C တပေါက်တည်း ပါဝင်မှာပါ။ ဒါပေမယ့် ဒီ Port ကို ဒေတာ အကူးအပြောင်းနဲ့ DisplayPort အနေနဲ့ အသုံးပြုနိုင်သလို Notebook ကို အားသွင်းဖို့လည်း သုံးနိုင်ပါတယ်။ 3.5mm ဂျက်ပင်ပေါက်တော့ ပါလာဦးမှာပါ။

Huaewi Share 3.0 One Touch စနစ်ကိုလည်း ယခု Notebook မှာ ထည့်သွင်းပေးထားပါတယ်။ ကွန်ပျူတာ ကီးဘုတ်မှာ ဖုန်းကို ထိလိုက်ရုံနဲ့ ဖုန်းနဲ့ ကွန်ပျူတာ အကြား ဖိုင်တွေ ကူးပြောင်းနိုင်မယ့် စနစ် ဖြစ်ပါတယ်။

Huawei Matebook E 2019 ဟာ Snapdragon သုံးထားတဲ့ PC ဖြစ်တာနဲ့ အညီ အားလည်း ကြာရှည်ခံပါတယ်။ Full-HD ဗီဒီယို ကြည့်မယ်ဆိုရင် ၁၀ နာရီလောက်အထိ ကြည့်နိုင်ပါတယ်။ အားအမြန်သွင်းစနစ်လည်း ပါဝင်ပြီး ဘက်ထရီအား ၀ ကနေ ၈၈ ရာခိုင်နှုန်းကို မိနစ် ၉၀ အတွင်း သွင်းပေးနိုင်တယ်လို့ ဆိုထားပါတယ်။

Huawei Matebook E 2019 ကို Titanium Ash နဲ့ Charm Sea Blue ဆိုပြီး နှစ်ရောင် ထုတ်သွားမှာပါ။ တရုတ်နိုင်ငံအတွင်းမှာ ကြိုတင်အော်ဒါ မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 8GB/256GB မော်ဒယ်ကို ၃,၉၉၉ ယွမ် (၅၉၅ ဒေါ်လာ) နဲ့ 8GB/512GB ကို ၄,၉၉၉ ယွမ် (၇၄၄ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref: Giz China, Gadgets 360

Did you find apk for android? You can find new Free Android Games and apps.
Loading