ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ ဖုန်းတလုံးကို Sharp ပြသ
Sharp ရဲ့ ဒေါက်လိုက် ခေါက်ချိုးဖုန်းဒီဇိုင်းတွေကို လွန်ခဲ့တဲ့လက စတင် မြင်တွေ့ခဲ့ရပါတယ်။ ယခုအခါမှာတော့ အဆိုပါ ဒီဇိုင်းတွေက တကယ် ဖြစ်လာလို့ ဆိုရမှာပါ။
Sharp ဟာ မူပိုင်ခွင့်ထဲကအတိုင်း တပုံစံတည်းတူညီတဲ့ ခေါက်ချိုးဖုန်း ရှေ့ပြေးမော်ဒယ်တခုကို နည်းပညာမီဒီယာအချို့ ရှေ့မှောက်မှာ စမ်းသပ် ပြခဲ့ပါတယ်။ မျက်နှာပြင်အကျယ် ၆.၁၈ လက်မနဲ့ 1440 x 3040 pixels ရှိတဲ့ AMOLED Display ကို အသုံးပြုထားပြီး၊ မျက်နှာပြင်ထိပ်မှာ အနည်းငယ်ကြီးမားတဲ့ Notch တခု ပါဝင်ပါတယ်။
Sharp ဖုန်းဟာ လက်ရှိ ထွက်ရှိပြီးသား Huawei Mate X, Samsung Galaxy Fold တွေလို ဘေးဘက် ချိုးတဲ့ ဒီဇိုင်းမဟုတ်ဘဲ ဖုန်းရဲ့ အလယ်တည့်တည့်ကနေ အတွင်းဘက်ကို ခေါက်ချိုး ချနိုင်တဲ့ ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ အကြိမ်ပေါင်း ၃ သိန်းလောက် ခေါက်ချိုးမှု ခံနိုင်ရည် ရှိတယ်လို့ Sharp က ဆိုထားပါတယ်။ တနေကို အကြိမ် ၂၀၀ ခေါက်ချိုး အဖွင့်အပိတ် လုပ်မယ်ဆိုရင် ၄.၁ နှစ်လောက် အေးဆေး အသုံးခံမှာပါ။ Galaxy Fold ကတော့ အကြိမ်ပေါင်း ၂ သိန်း ခေါက်ချိုးခံနိုင်ရည် ရှိတယ်လို့ Samsung က ပြောထားပါတယ်။
အလယ်ကနေ ခေါက်ချိုးချနိုင်တဲ့ ဒီဇိုင်းဖြစ်တာကြောင့် ခေါက်ထားချိန်မှာ ဖုန်းအရွယ်အစားက ထက်ဝက်လောက်သာ ရှိတော့ပြီး၊ အိတ်ကပ်ထဲ အလွယ်တကူ ထည့်ထားနိုင်မှာ ဖြစ်ပါတယ်။ သယ်ဆောင်ရလွယ်ကူမှုကို ဦးစားပေးထားတဲ့ အခုလို ဖုန်းမျိုးဟာ ဝယ်လိုအားကောင်းနိုင်ကြောင်း Sharp တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
ယခု ကိုယ်ထည်ပုံစံ ဖုန်းမျိုးကို မကြာခင် နှစ်အနည်းငယ်အတွင်း စျေးကွက်ဝင် ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ Sharp က ဆိုပါတယ်။ တခြားဖုန်းကုမ္ပဏီတွေကလည်း ပထမဆုံး ခေါက်ချိုးဖုန်းတွေ ထုတ်လုပ် ဖြန့်ချိဖို့ နီးကပ်နေပေမယ့် Sharp ကတော့ အချိန်ယူဦးမယ့် သဘောပါ။
အလားတူ ဒေါင်လိုက် ခေါက်ချိုးဖုန်းမျိုးကို Motorola ကလည်း အကောင်အထည် ဖော်လျက် ရှိပါတယ်။
သုံးစွဲသူတွေအတွက် ခေါက်ချိုးဖုန်းတွေ ထွက်ရှိလာပြီ ဆိုပေမယ့် လောလောဆည်မှာတော့ ဒီဖုန်းတွေရဲ့ စျေးနှုန်းက အလွန်တရာ ကြီးမြင့်နေပါသေးတယ်။ Samsung Galaxy Fold က ဒေါ်လာ ၁၉,၈၀ ရှိကာ၊ Huawei Mate X က ဒေါ်လာ ၂,၆၀၀ အထိ ရှိပါတယ်။ ဆန်းသစ်တဲ့ ဖုန်းကို ဦးဦးဖျားဖျားကိုင်ချင်သူတွေ အတွက်ပဲ ထုတ်ထားတာလို့ ဆိုနိုင်ပါတယ်။ ဖုန်းကုမ္ပဏီအများအပြားက ခေါက်ချိုးဖုန်းတွေ ထုတ်လာနိုင်ပြီ ဆိုရင်တော့ စျေးတွေလည်း အနည်းငယ် ကျလာမှာ ဖြစ်ပါတယ်။
Ref: GSM Arena, Mashable