IT

တရုတ်နိုင်ငံတွင် Galaxy Fold ရောင်းချမည့် ပွဲများကို Samsung ရွှေ့ဆိုင်း

Samsung ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုးဖုန်းဖြစ်တဲ့ Galaxy Fold ကို တရုတ်နိုင်ငံမှာ စတင် ရောင်းချမယ့် ပွဲအခမ်းအနားတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

Galaxy Fold စမတ်ဖုန်းကို မူလက ဟောင်ကောင်နဲ့ ရှန်ဟိုင်းမှာ ဧပြီလ ၂၃ ရက် နဲ့ ၂၄ ရက်နေ့ မိတ်ဆက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှန်ဟိုင်းက ပွဲလက်ခံကျင်းပမယ့် ခန်းမမှာ ပြဿနာအချို့ ရှိနေတာကြောင့် ပွဲကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ကျင်းပမယ့် ပွဲကို ရွှေ့ဆိုင်းလိုက်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် အဆိုပါပွဲတွေ ပြန်လည်ကျင်းပမယ့် ရက်တွေကိုလည်း ထပ်မံ ကြေညာထားခြင်း မရှိသေးပါဘူး။

Galaxy Fold စမတ်ဖုန်း အလုံးရေအချို့ဟာ Reviewer တွေ လက်ထဲရောက်ပြီး တရက်တောင် မပြည့်ခင်မှာပဲ မျက်နှာပြင် ချို့ယွင်းပျက်စီးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံက ပွဲတွေကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy Fold နဲ့ စပ်လျဉ်းတဲ့ ဒေသတွင်း ပွဲအစီအစဉ် နှစ်ခုကိုလည်း ဖျက်သိမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ SamMobile ရဲ့ သတင်းတပုဒ်အရ သိရပါတယ်။

Galaxy Fold စမတ်ဖုန်းအချို့ ပျက်စီးချို့ယွင်းမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သတ်ပြီး “အကြောင်းရင်းမှန်ကို ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် စုံစမ်းလေ့လာသွားမှာ ဖြစ်ကြောင်း” Samsung က သတင်းထုတ်ပြန်ထားပါတယ်။

Galaxy Fold စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ ရောင်းချမယ့် ပွဲတွေကို ရွှေ့ဆိုင်းလိုက်ပေမယ့် အမေရိကန်ပြည်ထောင်စုမှာတော့ မူလ သတ်မှတ်ထားတဲ့အတိုင်း ဧပြီလ ၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်မှာ ဒေါ်လာ ၁,၉၈၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး၊ ဈေးကွက်တွင်းမှာ တန်ဖိုးအကြီးဆုံးခေါက်ချိုးဖုန်း ဖြစ်လာမှာပါ။

Ref: The Verge, Engadget

Loading