မှားယွင်း ဖမ်းဆီးခံရမှုကြောင့် ဆယ်ကျော်သက်တဦးက Apple ကို ကန်ဒေါ်လာ ၁ ဘီလျံ တရားစွဲဆို
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့က အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက်တဦးဟာ Apple ကို ဒေါ်လာ ၁ ဘီလျံ ရယူလိုမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ Apple စတိုးက ပစ္စည်းခိုးယူမှုတွေမှာ သူ ပါဝင်ခဲ့တယ်ဆိုပြီး Apple ရဲ့ မျက်နှာစစ်ဆေး ဖတ်ရှုတဲ့ Facial Recognition စနစ်က မှားယွင်း ဖော်ပြခဲ့တာကြောင့် တရားစွဲလိုက်တာ ဖြစ်ပါတယ်။
NYPD ရဲတွေဟာ အသက် ၁၈ နှစ်အရွယ် Ousmane Bah ကို နိုဝင်ဘာလက နယူးယော့ခ်မြို့ နေအိမ်မှာ ရှိနေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့ကြပါတယ်။ Apple စတိုးတွေကနေ ပစ္စည်းတွေခိုးယူခဲ့ကြောင်း စွဲချက်နဲ့ ဖမ်းဆီးခဲ့တာပါ။ ဒါပေမဲ့ ဖမ်းဝရမ်းမှာ ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ Bah နဲ့ လုံးဝ မတူပါဘူး။ ဒ့ါအပြင် Bah ပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ ခိုးမှုတခုဟာ ဘော်စတွန်မြို့မှာ ဇွန်လက ဖြစ်ပွားခဲ့တာပါ။
ဒါပေမယ့် အဆိုပါ အခင်းဖြစ်ပွားချိန်မှာ မက်ဟက်တန်က ကျောင်းကပွဲတခုမှာ သူရောက်နေခဲ့ကြောင်း Bah က အမှုဖွင့်စာမှာ ရေးသားပါတယ်။
ဖြစ်ပုံကတော့ Bah ဟာ အရင်က ဓာတ်ပုံ မပါတဲ့ ယာဉ်မောင်းသင်လက်မှတ် ပျောက်ခဲ့ဖူးပါတယ်။ တကယ့် သူခိုးက အဆိုပါ လက်မှတ်ကို ရရှိပြီး Apple စတိုးတွေမှာ သက်သေခံကတ်ပြားအဖြစ် အသုံးပြုကာ ပစ္စည်း ဝင်ရောက်ခိုးယူခဲ့တာ ဖြစ်နိုင်တယ်လို့ Bah က ပြောကြားခဲ့ပါတယ်။ လက်မှတ်မှာ ဓာတ်ပုံ မပါဝင်တဲ့အတွက် Bah ရဲ့ အချက်အလက်တွေနဲ့ သူခိုးမျက်နှာကို Facial Recognition စနစ်က တွဲမိပြီး Bah ကို သူခိုးအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
“မှားယွင်းတဲ့ စွပ်စွဲချက်ပေါင်းများစွာကို ရင်ဆိုင် ဖြေရှင်းခဲ့ရပြီး၊ စိတ်ဖိအားနဲ့ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်လို့ အမှုတိုင်ကြားစာမှာ ဖော်ပြထားပါတယ်။ ယခုအမှုရဲ့ တရားပြိုင်စာရင်းမှာ Apple အပြင် Security Industry Specialists ဆိုတဲ့ လုံခြုံရေး ကုမ္ပဏီတခုကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။
Apple ဟာ စတိုးတွေမှာ လူတဦး တယောက်ချင်းစီကို စောင့်ကြည့်နိုင်တဲ့ မျက်နှာဖတ်စနစ်ပါ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားပုံ ရပါတယ်။ ဒါပေမဲ့ စတိုးလာသူ အမြောက်အများကတော့ သူတို့ မျက်နှာတွေကို တိတ်တဆိတ် စစ်ဆေးဖတ်ရှုနေတယ်ဆိုတာ သတိထားမိကြပုံ မပေါ်ပါဘူး။
Ref: Gadgets 360