အမြည်းဓာတ်ပုံတွေ စတင်ထွက်ပေါ်လာပြီးနောက် ရက်သတ္တပတ်အတော်ကြာမှာ Redmi Y3 ဖုန်းကို Xiaomi က တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ Redmi 7 ဖုန်းနဲ့အတူ တရက်တည်း မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
Remi Y3 နဲ့ Redmi 7 တို့ဟာ Selfie ကလွဲလို့ ကျန်နေရာအများစုမှာ တူညီမှု ရှိပါတယ်။ Y3 ဖုန်းမှာ 32MP ရှေ့ကင်မရာကို ထည့်သွင်း အသုံးပြုထားပြီး၊ Xiaomi ဖုန်းတွေထဲမှာ ရှေ့ကင်မရာ Megapixel အမြင့်ဆုံး ဖုန်း ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ လွှမ်းမိုးမှုရှိသူတွေ၊ လူသိများသူတွေ၊ TikTok ဝါသနာရှင်တွေနဲ့ Seflie ရိုက်ရတာ ခုံမင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာလို့ ဆိုနိုင်ပါတယ်။
Xiaomi ဟာ ယခုဖုန်းနှစ်မျိုးမှာ ပြေပြစ်တဲ့ ထောင့်ကွေးတွေနဲ့ ရောင်ပြေး ကျောဘက်ကိုယ်ထည်တို့ကို ရောစပ်ထားတဲ့ Aurora ဒီဇိုင်းပုံစံအသစ်ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ ရှေ့ဘက်နဲ့ နောက်ဘက် နှစ်ခုစလုံးကို အကြမ်းခံ Gorilla Glass 5 မှန်သား အုပ်ပေးထားတာက တန်ဖိုးနည်းဖုန်းတလုံးအတွက် အားရစရာပါ။
Redmi Y3 နဲ့ Redmi 7 မှာ ၆.၂၆ လက်မရှိတဲ့ IPS LCD HD+ မျက်နှာပြင်ကို အသုံးပြုထားပြီး၊ ရေစက်ပုံစံ Notch ကိုလည်း တွေ့မြင်ရမှာပါ။ မျက်လုံးညောင်းညာကိုက်ခဲစေတဲ့ Blue Light ထုတ်လွှတ်မှုကို လျော့ချပေးနိုင်တဲ့ TUV အသိအမှတ်ပြု Filter တခုလည်း မျက်နှာပြင်မှာ ပါဝင်မှာပါ။ Y3 ရဲ့ 32MP ရှေ့ကင်မရာမှာ AI နည်းပညာသုံး မြင်ကွင်းသိချိန်ညှိစနစ် ပါဝင်ပြီး၊ ၈၀ ဒီဂရီအထိ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မှာပါ။ ရှေ့ကင်မရာနဲ့ ဓာတ်ပုံသာမက ဗီဒီယိုတွေကိုလည်း တည်ငြိမ်ကောင်းမွန်စွာ ရိုက်ကူးနိုင်စေဖို့အတွက် EIS စနစ်လည်း ပါဝင်မှာပါ။ Redmi 7 မှာတော့ ရှေ့ကင်မရာက 8MP ဖြစ်သွားပါတယ်။
ဖုန်းနှစ်ခုလုံးရဲ့ ကျောဘက်မှာတော့ 12MP နဲ့ 2MP ကင်မရာနှစ်လုံးတွဲကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကင်မရာအောက်မှာတော့ LED Flash မီး ပါဝင်ပြီး၊ သူ့ရဲ့ ညာဘက်မှာတော့ လက်ဗွေရာဆန်ဆာ ရှိပါတယ်။
ဖုန်းနှစ်ခုလုံးက Snapdragon 632 Chipset နဲ့ ဖြစ်ကာ၊ Y3 ကို 3GB RAM နဲ့ 4GB RAM၊ 32GB Storage နဲ့ 64GB Storage ဆိုပြီး နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ SIM နှစ်ကတ် အပြင် microSD ကတ်ပါ သီးသန့် ထပ်စိုက်နိုင်ပြီး၊ အများဆုံး 512GB အထိ စိုက်နိုင်ပါတယ်။ 4,000mAh ဘက်ထရီကိုယ်စီနဲ့ ဖြစ်ပြီး၊ 10W အားသွင်းခေါင်း ပါဝင်မှာပါ။
တန်ဖိုးနည်းဖုန်းဆိုပေမယ့် ဖုန်းနှစ်မျိုးလုံးက P2i အလွှာ သုတ်ပေးထားတဲ့အတွက် ရေဖိတ်စင်မှု ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ 3.5mm နားကြပ်ပေါက်နဲ့ Xiaomi ဖုန်းတွေမှာ ပါနေကြ အဝေးထိန်းခလုတ်အနေနဲ့ အသုံးပြုနိုင်တဲ့ IR Blaster လည်း မူမပျက် ပါဝင်လာပါတယ်။
Redmi Y3 နဲ့ Redmi 7 ကို အနက်၊ အပြာ နဲ့ အနီရောင် သုံးမျိုး ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ Redmi Y3 ရဲ့ ဈေးနှုန်းက အနိမ့်ဆုံး 3/32GB ကို ၁၄၅ ဒေါ်လာ ဖြစ်ပြီး၊ 4/64GB ကို ၁၇၀ ဒေါ်လာ ဖြစ်ပါတယ်။ Redmi 7 ရဲ့ ဈေးနှုန်းကတော့ 3/32GB ကို ၁၁၅ ဒေါ်လာ ဖြစ်ပါတယ်။ ဧပြီလ ၃၀ ရက်နေ့က စတင်ကာ Xiaomi ဝဘ်ဆိုဒ်နဲ့ အိန္ဒိယက အခြားသော အွန်လိုင်းအရောင်းဆိုဒ်တွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Ref: GSM Arena