Samsung ကနေ Galaxy View 2 ဆိုတဲ့ တက်ဘလက် မော်ဒယ်အသစ်တလုံးကို AT&T ကနေ စတင် မိတ်ဆက် ရောင်းချလိုက်ပါတယ်။ Galaxy View 2 ဟာ တက်ဘလက်လို့ ခေါ်မယ့်အစား အပြင် သယ်ယူသွားနိုင်တဲ့ တီဗီတလုံးလို့ ခေါ်ရင် ပိုမှန်ပါမယ်။
မျက်နှာပြင်က ၁၇ ဒဿမ ၃ လက်မအထိ ရှိပြီး၊ 1080p ရုပ်ထွက်အရည်အသွေးရှိ ISP LCD Display နဲ့ ဖြစ်ပါတယ်။ Galaxy View ဆိုတဲ့ နာမည်အတိုင်း ရုပ်ရှင်ဗီဒီယိုတွေ ကြည့်ရှုဖို့အတွက် ဦးစားပေး ထုတ်လုပ်ထားတဲ့ တက်ဘလက် တလုံးပါ။
Samsung ဟာ ၂၀၁၅ ခုနှစ်ကလည်း Galaxy View ဆိုတဲ့ အလားတူ တီဗီ၊ တက်ဘလက် နှစ်မျိုးစပ် Device တခုကို ၅၉၉ ဒေါ်လာနဲ့ ထုတ်လုပ် ရောင်းချခဲ့ဖူးပါတယ်။ ယခု Galaxy View 2 ကတော့ ဒုတိယမျိုးဆက်ဖြစ်ပြီး၊ ၇၄၀ ဒေါ်လာနဲ့ ရောင်းချသွားမှာပါ။
Galaxy View 2 ရဲ့ မျက်နှာပြင်ဟာ ကြီးမားတဲ့အတွက် ဘက်ထရီကိုလည်း 12,000mAh ပမာဏအထိ ရှိတဲ့ ဘက်ထရီကြီးကြီး သုံးပေးထားပါတယ်။ ရုပ်သံ ကြည့်ရှုဖို့ရာ အဓိက ရည်ရွယ်ထုတ်လုပ်ထားတဲ့ တက်ဘလက်ဖြစ်တာကြောင့် စွမ်းဆောင်ရည်ကတော့ သာမန်လောက်ပဲ ရှိမှာပါ။ 1.6GHz octa-core Exynos 7884 Chipset ကို အသုံးပြုပေးထားပြီး၊ 3GB RAM နဲ့ 64GB Internal Storage တို့ ပါရှိမှာပါ။
ရှေ့ဘက်မှာတော့ 5-megapixel ကင်မရာတလုံး ပါဝင်ပေမယ့်၊ ကျောဘက်မှာတော့ ကင်မရာ တလုံးမှ မရှိပါဘူး။ ၁၇ လက်မ တက်ဘလက်ကိုင်ပြီး ဓာတ်ပုံရိုက်ဖို့ရာလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ Dolby Atmos စနစ်ရတဲ့ စပီကာ ၄ လုံး ပါရှိပါတယ်။
Galaxy View 2 မှာ 4G LTE Nano SIM တကတ် ထည့်သွင်းအသုံးပြုနိုင်ပြီး၊ AT&T ရဲ့ NumberSync ဝန်ဆောင်မှု ပါဝင်တာကြောင့် မိမိရဲ့ လက်ကိုင်ဖုန်း ပင်မနံပါတ်ကို တက်ဘလက်ဆီ မျှဝေ အသုံးပြုနိုင်ပါတယ်။
Samsung Galaxy View 2 ကို AT&T ကနေ တလ ၃၇ ဒေါ်လာ၊ လ ၂၀ ပေးသွင်းကာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဧပြီ ၂၆ ရက်နေ့က စတင် ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
Ref: The Verge, Engadget