ဒေါ်လာ ၁ ထရီလျံတန် ကုမ္ပဏီအဖြစ် Microsoft လည်း မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။ ကုမ္ပဏီရဲ့ စတော့ ရှယ်ယာဈေးနှုန်းတွေဟာ ကြာပတေးနေ့မှာ ထောင်တက်သွားခဲ့ပြီး ဒေါ်လာ ၁ ထရီလျံ တန်ကြေးအထိ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ Apple နဲ့ Amazon ပြီးနောက် ဒေါ်လာ ၁ ထရီလျံ တန်ကြေးပြည့် တတိယမြောက် အမေရိကန်ကုမ္ပဏီလည်း ဖြစ်ပါတယ်။
Microsoft ဟာ နောက်ဆုံး ၃ လပတ် ဘဏ္ဍာရေး အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့ရာမှာ၊ ဝင်ငွေရလဒ် ကောင်းမွန်ခဲ့တာကြောင့်၊ နောက်တရက်အကြာမှာပဲ အခုလို စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Microsoft ဟာ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အဆုံးသတ်တဲ့ ၃ လပတ်မှာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၃၀ ဒဿမ ၆ ဘီလျံအထိ ရရှိခဲ့ပါတယ်။ ယမန်နှစ် ၃ လပတ်ထက် ၁၄ ရာခိုင်နှုန်း တိုးတက်ခဲ့တာပါ။ အမြတ်ငွေလည်း ၈ ဒဿမ ၈ ဘီလျံ ရရှိခဲ့ပြီး ၁၉ ရာခိုင်နှုန်းအတက်ပြခဲ့ပါတယ်။ ဝင်ငွေတိုးတက်မှုအမြင့်ဆုံးကတော့ ကုမ္ပဏီရဲ့ Azure Cloud ဝန်ဆောင်မှု ဖြစ်ပါတယ်။
Microsoft ရဲ့ ရှယ်ယာတစု တန်ဖိုးဟာ ဗုဒ္ဓဟူးနေ့မှာ ၁၂၅ ဒေါ်လာနဲ့ ပိတ်ခဲ့ပေမယ့် ကြာသပတေးနေ့မှာတော့ ၄ ရာခိုင်နှုန်းအထိ မြင့်တက်ကာ ၁၃၀ ဒေါ်လာနဲ့ စဖွင့်နိုင်ခဲ့ပါတယ်။ ကြာသပတေးနေ့ မနက်မှာပဲ ဒေါ်လာ ၁ ထရီလျံ တန်ကြေး ရောက်ခဲ့တာ ဖြစ်ပါတယ်။ ယခု တန်ကြေးကြောင့် Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကုမ္ပဏီအဖြစ်လည်း ရပ်တည်သွားနိုင်ခဲ့ပါတယ်။
Microsoft ဟာ ကုမ္ပဏီရဲ့ လုပ်ငန်းအစုစုကို အဓိကအားဖြင့် အောက်ပါအတိုင်း ကက်ဍ ၃ ခု ခွဲခြားထားရာမှာ၊ ကဏ္ဍတိုင်း ဝင်ငွေ မတိမ်းယိမ်းနဲ့ အခြေအနေကောင်းနေတာ တွေ့ရပါတယ်။
Office, LinkedIn နှင့် Dynamics = ဝင်ငွေ ဒေါ်လာ ၁၀ ဒဿမ၂ ဘီလျံ
Azure cloud, server ထုတ်ကုန်များ နှင့် လုပ်ငန်းသုံးဝန်ဆောင်မှုများ = ဝင်ငွေ ဒေါ်လာ ၉ ဒဿမ ၇ ဘီလျံ
Windows, Xbox နှင့် Surface = ဝင်ငွေ ဒေါ်လာ ၁၀ ဒဿမ ၇ ဘီလျံ
ဈေးကွက်တန်ကြေး ဒေါ်လာ ၁ ထရီလျံ ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး ကုမ္ပဏီကတော့ Apple ဖြစ်ပါတယ်။ သြဂုတ်လမှာ ပြည့်မြောက်ခဲ့တာပါ။ Amazon ကတော့ စက်တင်ဘာမှာ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီတန်ကြေး ဒေါ်လာ ၁ ထရီလျံ ဆိုတဲ့အချက်ဟာ ရင်းနှီးမြှပ်နှံသူတွေ သဘောကျစရာ ဖြစ်ပေမယ့်၊ Microsoft ကတော့ အလေးစိုက်ပုံ မပေါ်ပါဘူး။
“ဒီ စံချိန် အချက်အလက်ကို ဘယ် အကြီးတန်းခေါင်းဆောင် အရာရှိမှ စောင့်ကြည့်မနေပါဘူး။ စတော့ရှယ်ယာ ဈေးနှုန်း မရောက်ဖူးတဲ့ ပမာဏအထိ တက်သွားတဲ့အခါမှာလည်း လက်ဝါးချင်း ထိုင်ရိုက်နေတဲ့ လူ တယောက်မှ မရှိပါဘူး” လို့ Microsoft ရဲ့ မားကတ်တင်းအရာရှိချုပ် Chris Capossela က ပြောကြားခဲ့ဖူးပါတယ်။
Ref: CBS, The Verge