IT

၂၀၁၉ မှာ ဖုန်းရောင်းအား ကျဆင်းနေပြီး Huawei ကုမ္ပဏီ တခုတည်း အတက်ပြခဲ့

ဈေးကွက်အကြံပေးကုမ္ပဏီ IDC က ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်အတွက် ကမ္ဘာ့ဖုန်းဈေးကွက်ဆိုင်ရာ ကိန်းဂဏန်းတွေကို ထုတ်ပြန်ခဲ့ရာမှာ နာမည်ကြီးဖုန်းကုမ္ပဏီအများစု ရောင်းအား ကျဆင်းခဲ့ပြီး၊ Huawei ကုမ္ပဏီတခုတည်း ရောင်းအား တက်ခဲ့တာ တွေ့ရပါတယ်။

၂၀၁၉ ခုနှစ်၊ ပထမ ၃ လပတ်မှာ ကမ္ဘာ့ စမတ်ဖုန်းရောင်းအားဟာ စုစုပေါင်း အလုံးရေ ၃၁၀ ဒဿမ ၈ သန်း ရှိခဲ့ပြီး၊ ယမန်နှစ်ကထက် ၆ ဒဿမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာ့ ဖုန်းဈေးကွက်ဟာ ၃ လပတ် ၆ ပတ် ဆက်တိုက် ရောင်းအား ကျဆင်းနေတာပါ။

၂၀၁၉ မှာ ဖုန်းကုမ္ပဏီကြီး အများစု ရောင်းအား ကျဆင်းခဲ့ပေမယ့် Huawei ကတော့ အလုံးရေ ၅၉ ဒဿမ ၁ သန်း တင်ပို့ ရောင်းချနိုင်ခဲ့ပြီး၊ ယမန်နှစ်ကထက် ၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာ့ဖုန်းဈေးကွက်တခုလုံးရဲ့ ၁၉ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် Apple ကို ကျော်ဖြတ်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီအဖြစ် ပြန်လည် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဂုဏ်ပုဒ်ကို Apple လက်ထဲကနေ ၂၀၁၇ ခုနှစ်မှာ ပထမဆုံးအကြိမ် လုယူနိုင်ခဲ့တာပါ။

၂၀၁၈ မှာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပေမယ့် ယခုနှစ်မှာ ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဈေးနှုန်း အတန်းအစား မျိုးစုံ ဖုန်းတွေကို ထုတ်လုပ်ရောင်းချခဲ့ခြင်းက Huawei ရဲ့ အောင်မြင်မှုမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် ဖုန်းတွေကို အများဆုံး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖုန်းဈေးကွက်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ Samsung ကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိသေးပါဘူး။

Samsung ဟာ ၂၀၁၉ ခုနှစ်၊ ပထမ ၃ လပတ်မှာ စမတ်ဖုန်းရောင်းအား ၈ ဒဿမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် စုစုပေါင်း ရောင်းချမှု အရေအတွက်က ၇၁ ဒဿမ ၉ သန်းအထိ ရှိနေဆဲ ဖြစ်ပါတယ်။ ဈေးကွက်တခုလုံးရဲ့ ၂၃ ဒဿမ ၁ ရာခိုင်နှုန်းကို Samsung က သိမ်းပိုက်ထားတာပါ။ Apple ကတော့ အလုံးရေ ၃၆ ဒဿမ ၄ သန်း တင်ပို့ ရောင်းချနိုင်ခဲ့ပြီး၊ ဈေးကွက်ဝေစု ၁၁ ဒဿမ ၇ ရာခိုင်နှုန်းနဲ့ တတိယနေရာ ရောက်ရှိသွားပါတယ်။

Apple ရဲ့ ဖုန်းရောင်းအားဟာ ၂၀၁၈ ခုနှစ်၊ ပထမ ၃ လပတ်နဲ့ ယှဉ်ရင် ၃၀ ဒဿမ ၂ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့တာပါ။ ၂၀၁၉ မှာ ပြိုင်ဘက် ဖုန်းကုမ္ပဏီတွေက 5G နဲ့ ခေါက်ချိုးဖုန်းတွေကို ထုတ်လုပ်ရောင်းချနေပြီ ဖြစ်တာကြောင့် Apple ရဲ့ ရောင်းအားဟာ ထပ်မံ ကျဆင်းဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။

Apple ရဲ့ နောက်မှာတော့ Xiaomi က ဈေးကွက်ဝေစု ၈ ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာက ရပ်တည်လျက်ရှိပြီး၊ Vivo, OPPO ကုမ္ပဏီနှစ်ခုကတော့ ဈေးကွက်ဝေစု မတိမ်းမယိမ်းနဲ့ ပဉ္စမနေရာမှာ ပူးတွဲ ရပ်တည်လျက် ရှိပါတယ်။

ကမ္ဘာ့အကြီးဆုံးဖုန်းကုမ္ပဏီ ဖြစ်လာဖို့က အဓိကပန်းတိုင် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားတဲ့ Huawei အတွက် ရည်မှန်းချက်တွေ နီးကပ်လာပြီလို့ ဆိုရမှာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ရပေမယ့် ယခုအချိန်မှာတော့ ဒုတိယနေရာအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ယခုနှစ်ကုန်လောက်မှာ Samsung ကို ကျော်တက်နိုင်မှာ ဖြစ်တယ်လို့ Huawei က ကြိုတင်ခန့်မှန်းထားပါတယ်။

Ref: The Verge, Android Central

Loading