အလျားလိုက် အနေအထားကနေ ဒေါင်လိုက် အနေအထား ပြောင်းလဲကြည့်ရှုနိုင်တဲ့ တီဗီတလုံးကို Samsung က မိတ်ဆက် ပြသလိုက်ပါတယ်။ ၄၃ လက်မ အရွယ်အစားရှိတဲ့ QLED တီဗီတလုံး ဖြစ်ပြီး၊ “Sero” လို့ အမည်ပေးထားပါတယ်။ ဈေးနှုန်း စတာလင်ပေါင် ၁,၂၅၀ နဲ့ မေလကုန်လောက် တောင်ကိုရီးယားနိုင်ငံမှာ စတင် ရောင်းချသွားမှာပါ။
စမတ်ဖုန်းခေတ်မှာ အွန်လိုင်းပေါ်က ဓာတ်ပုံ၊ ဗီဒီယို အများစုဟာ ဒေါင်လိုက်အနေအထား ဖြစ်နေတာကို အခြေခံပြီး ဒီတီဗီကို ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ Samsung က ဆိုပါတယ်။ စမတ်ဖုန်းပေါ်က မြင်ကွင်းတွေကို ဒေါင်လိုက်တီဗီမှာ ပိုမို ကောင်းမွန်စွာ ကြည့်ရှုခံစားနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ပါ။ TNFC ကနေတဆင့် ဖုန်းစခရင်ကို တီဗီမှာ တပြေးညီ ချိန်ညှိ ကြည့်ရှုနိုင်မှာပါ။
The Sero တီဗီရဲ့ နောက်ဘက်မှာ ပန်းချီကားတင်တဲ့ ဒေါက်ပုံစံ ထောက်တိုင်တခု ပါရှိပြီး၊ ခလုတ်တချက်နှိပ်လိုက်ရုံနဲ့ အလျားလိုက် အနေအထားကနေ ဒေါင်လိုက်အဖြစ် ပြောင်းလဲ ကြည့်ရှုနိုင်ပါတယ်။
ဒါ့အပြင် The Sero တီဗီမှာ မိုက်ခရိုဖုန်းတလုံးလည်း ပါရှိပြီး၊ Samsung ရဲ့ ဒီဂျစ်တယ်အထောက်အကူစနစ် Bixby ကို အသံနဲ့ ထိန်းချုပ်အသုံးပြုနိုင်မှာပါ။ တီဗီကို မကြည့်တဲ့အချိန်မှာ ဓာတ်ပုံတွေ ပြထားဖို့ အတွက် အသုံးပြုနိုင်ပြီး၊ နာရီနဲ့ တခြား ပုံရိပ်တွေကိုလည်း တီဗီမှာ ဖော်ပြထားနိုင်ပါတယ်။
Samsung ဒေါင်လိုက်တီဗီ ဒီဇိုင်းဟာ စိတ်ဝင်စားစရာဖြစ်ပေမယ့် ဈေးကွက်တွင်း စိန်ခေါ်မှုတွေ ရှိနိုင်ကြောင်း ဈေးကွက်သုတေသနကုမ္ပဏီ Futuresource က Matthew Rubin က ပြောကြားခဲ့ပါတယ်။
“YouTube လိုမျိုး ဝဘ်ဆိုဒ်တွေက ဗီဒီယိုအများစုက အလျားလိုက် အနေအထား ဖြစ်ပြီးသားပါ။ Sero ကို သာမန် အလျားလိုက် တီဗီတလုံး လိုသာမက ဒေါင်လိုက်အနေနဲ့ပါ အသုံးချဖို့ရာမှာ အကန့်အသတ်တွေ ရှိပါတယ်။ အထူးသဖြင့် ဈေးတော်တော်မြောက်နေတာလည်း ပါတာပေါ့။ ဒါကြောင့် ဒီတီဗီကို မိုဘိုင်းဖုန်းအသုံးပြုမှုများတဲ့ တောင်ကိုရီးယားနိုင်ငံမှာပဲ ကနဦး ဖြန့်ချိသွားမှာပါ။ အချိန်တိုအတွင်းမှာတင် အောင်မြင်မှု ရနိုင်ခြေ ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Samsung ဟာ ထူးခြားဆန်းသစ်တဲ့ တီဗီဒီဇိုင်းတွေကို ဆန်းသစ်လေ့ရှိတာကြောင့် နာမည်ကြီးတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း သစ်သားဘောင်နဲ့ တီဗီတလုံးကို ပြသခဲ့ဖူးပြီး၊ တီဗီ မကြည့်တဲ့အချိန်မှာ အနုပညာလက်ရာတွေကို ဖော်ပြထားနိုင်တာကြောင့် ပန်းချီကားတချပ်အလား ထင်မှတ်မှားရတဲ့ တီဗီတလုံးပါ။
ယခုနှစ် အစောပိုင်းတုန်းကလည်း အစိတ်အပိုင်းတခုချင်းစီ ပေါင်းစပ် တပ်ဆင်နိုင်တဲ့ ၇၅ လက်မ တီဗီတလုံးကို CES ပွဲမှာ ပြသသွားခဲ့ပါသေးတယ်။
The Sero တီဗီကို တောင်ကိုရီးယားနိုင်ငံ ပြင်ပမှာ ရောင်းချဖို့ ရှိလားဆိုတာ Samsung ကို ဆက်သွယ်မေးမြန်းခဲ့ရာ “တောင်ကိုရီးယားမှာ ရောင်းပြီးမှ ကမ္ဘာ့ဈေးကွက်ဆီ တင်သွင်းဖို့ စဉ်းစားသွားမယ်လို့” ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက BBC ကို ပြောကြားခဲ့ပါတယ်။
Ref: BBC, The Verge