IT

၂၀၁၈ အတွင်း ကမ္ဘာ့ရောင်းအား အကောင်းဆုံးဖုန်းအဖြစ် iPhone X သတ်မှတ်ခံရ

ယခု ကမ္ဘာ့ဖုန်းဈေးကွက်ဟာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဈေးကွက်တခု ဖြစ်ပါတယ်။ ဖုန်းအသစ်တလုံးက ၂ ရက်ခြား တခါလောက် ထွက်နေတာကြောင့် ဖုန်းတလုံး ရောင်းအားကောင်းဖို့က တကယ့်ကို မလွယ်ကူပါဘူး။ ဒီလို ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့အချိန်မှာ ဈေးကွက်သုတေသန ကုမ္ပဏီ Counterpoint Research က ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့ ရောင်းအားအကောင်းဆုံး ဖုန်း ၁၀ လုံး စာရင်းကို ထုတ်ပြန်ပေးလိုက်ပါတယ်။ ကမ္ဘာ့ဈေးကွက်နဲ့ တရုတ်ဈေးကွက်အတွက် စာရင်း ၂ မျိုး ထုတ်ပြန်ပေးခဲ့တာပါ။

ကမ္ဘာ့ဖုန်းဈေးကွက်မှာ Apple ကပဲ ကြီးစိုးနေပြီး၊ ၂၀၁၈ ခုနှစ်ရဲ့ ရောင်းအားအကောင်ဆုံး ဖုန်းအဖြစ် iPhone X က သတ်မှတ်ခံခဲ့ရပါတယ်။ ရောင်းအားအကောင်းဆုံး ဖုန်း ၁၀ လုံးမှာ ၆ လုံးက Apple ရဲ့ iPhones တွေ ဖြစ်ပြီး၊ ထိပ်ဆုံး ၄ နေရာကလည်း iPhone တွေ ချည်း ဖြစ်ပါတယ်။ iPhone X, iPhone 8 နဲ့ iPhone 8 Plus စုစုပေါင်း အလုံးရေ သန်း ၁၀၀ အထိ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ iPhone XS Max နဲ့ iPhone XR တို့ကတော့ အလုံးရေ ၁၆ သန်းစီ ရောင်းချနိုင်ခဲ့ပါတယ်။

Xiaomi ရဲ့ Redmi 5A ဖုန်းက ကမ္ဘာ့ဈေးကွက်မှာ အဆင့် ၅ နေရာ ရယူနိုင်ခဲ့ပြီး၊ ရောင်းအား အကောင်းဆုံး Android ဖုန်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

တရုတ်ဈေးကွက်မှာတော့ ရလဒ်တွေက ကမ္ဘာ့ဈေးကွက်နဲ့ အတော်ကွာခြားမှု ရှိပါတယ်။ တရုတ်ပြည်တွင်းမှာ ၂၀၁၈ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံးဖုန်းက OPPO R15 ဖြစ်ပြီး၊ iPhone X က ဒုတိယနေရာမှာ။ တရုတ်ဈေးကွက်ရဲ့ ထိပ်ဆုံး ၄ နေရာမှာ OPPO က R15, A5, A83 မော်ဒယ်သုံးမျိုးနဲ့ ၃ နေရာတိတိ ရယူထားနိုင်တာ တွေ့ရပါတယ်။ တရုတ်ဈေးကွက်အတွင်း ရောင်းအားအကောင်းဆုံး ဖုန်း ၁၀ လုံးမှာ iPhone နှစ်လုံးကလွဲပြီး၊ ကျန်ဖုန်းအားလုံးက တရုတ်ကုမ္ပဏီထုတ် ဖုန်းတွေ ဖြစ်ပါတယ်။

အံ့အားသင့်ဖို့ ကောင်းတာက Counterpoint Research ရဲ့ ကမ္ဘာ့ဈေးကွက်နဲ့ တရုတ်ဈေးကွက်နှစ်ခုစလုံးမှာ Huawei ဖုန်းတလုံးမှ မပါဝင်ခဲ့တာပါ။ ကမ္ဘာ့ ဒုတိယအကြီးဖုန်း ကုမ္ပဏီဖြစ်သလို၊ ၂၀၁၈ မှာ ဖုန်းရောင်းအား ထောင်တက်ခဲ့ပေမယ့် Huawei ဖုန်းမော်ဒယ်တခုမှ စာရင်းထဲ မပါလာတာကို ထူးဆန်းစွာ တွေ့ရပါတယ်။

Huawei ဖုန်းတွေထဲမှာ ရောင်းအားအကောင်းဆုံးကတော့ Huawei P20 lite ဖြစ်ပြီး၊ အလုံးရေ ၁၃ သန်း ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိပ်ဆုံး ၁၀ လုံး စာရင်းထဲ ဝင်ဖို့ ပမာဏ အနည်းငယ် လိုအပ်နေတဲ့အတွက် ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။

Ref: GSM Arena, India Today

Loading