IT

ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာကို Lenovo ပြသ

ခေါက်ချိုးဖုန်းတွေ ထွက်ပေါ်ပြီးနောက် မကြာခင်မှာပဲ ခေါက်ချိုးကွန်ပျူတာတွေကို စတင်မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ တရုတ်အခြေစိုက် Lenovo ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာလို့ ကြွေးကြော်ထားတဲ့ ThinkPad ရှေ့ပြေးလက်ပ်တော့တလုံးကို ယနေ့ မိတ်ဆက်ပြသလိုက်ပါတယ်။ ဖုန်းတွေက ခေါက်ချိုးနည်းပညာကိုပဲ လက်ပ်တော့တလုံးအရွယ်အစားဖြစ်အောင် ထုတ်လုပ်ထားတာလို့ ဆိုနိုင်ပါတယ်။

Lenovo ဟာ ယခု ThinkPad ခေါက်ချိုးလက်ပ်တော့ကို အကောင်အထည်ဖော်နေတာ နှစ်ကျော် ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။ သက္ကရာဇ် ၂၀၂၀ လောက်မှာ ThinkPad X1 အမှတ်တံဆိပ်နဲ့ ဈေးကွက်တွင်း ဖြန့်ချိရောင်းချနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

Samsung, Huawei နဲ့ Xiaomi အပါအဝင် စမတ်ဖုန်းကုမ္ပဏီအများအပြားက သာမန်အရွယ်အစားဖုန်းတလုံးကနေ ပိုမိုကြီးမားတဲ့ တက်ဘလက်အဖြစ် ပြောင်းလဲနိုင်တဲ့ ခေါက်ချိုးဖုန်းတွေ ထုတ်နေချိန်မှာ Lenovo က အရွယ်အစားအပြည့် လက်ပ်တော့တလုံးကို ခေါက်ချိုးဒီဇိုင်းနဲ့ အရွယ်အစား ပိုမိုသေးငယ်အောင် လုပ်ဖို့ ကြံစည်ထားတာ ဖြစ်ပါတယ်။

ယခုပြသလိုက်တဲ့ ရှေ့ပြေး ခေါက်ချိုးလက်ပ်တော့မှာ ၁၃. လက်မ အရွယ်အစားရှိတဲ့ 4:3 2K OLED မျက်နှာပြင် ပါရှိပြီး ခေါက်လိုက်ရင် မှတ်စုစာအုပ်တအုပ် အရွယ်လောက်သာ ရှိတော့မှာ ဖြစ်ပါတယ်။ လက်ပ်တော့တလုံးကို စာအုပ်တအုပ်လို အလွယ်တကူ ကိုင်သွားနိုင်မှာပါ။

ဖြန့်ထားချိန်မှာ တက်ဘလက် ခပ်ကြီးကြီးတလုံးလို အသုံးပြုနိုင်သလို စာအုပ်လို တဝက်ဖွင့်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ လက်ပ်တော့အဖြစ် အသုံးပြုချင်ရင်လည်း အသင့်ပါတဲ့ ဒေါက်နဲ့ ထောက်ပြီး၊ ကြိုးမဲ့ ကီးဘုတ်နဲ့ ချိတ်ဆက်ကာ အသုံးပြုနိုင်မှာပါ။

 စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ် အသုံးပြုမှု ပုံစံတခုကတော့ အပေါ်ခြမ်းကို ထောင်ထားပြီး၊ အောက်ဘက်အခြမ်းကို ဒီဂျစ်တယ်ကီးဘုတ် ဒါမှမဟုတ် စာရေးနိုင်တဲ့မျက်နှာပြင်တခုအသွင် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

ယခု ခေါက်ချိုးလက်ပ်တော့မှာ အသုံးပြုထားတဲ့ CPU, GPU စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ Lenovo က မပြောထားသေးပါဘူး။ Windows စနစ်နဲ့ဖြစ်ပြီး၊ Intel CPU သုံးမယ် ဆိုတာလောက်ပဲ အရိပ်အမြွက် ဆိုထားပါတယ်။ မိုဘိုင်းကွန်ရက် ချိတ်ဆက်နိုင်စွမ်း နဲ့ Wacom pen တို့ကိုလည်း ထည့်သွင်းပေးဖို့ ရှိပါတယ်။

ခေါက်ချိုးနည်းပညာဟာ ကနဦးအဆင့်လောက်မှာပဲ ရှိသေးတဲ့အတွက် အားနည်းချက်တွေတော့ ရှိဦးမှာပါ။ ပထမဆုံး ဈေးကွက်ဝင် ခေါက်ချိုးဖုန်းဖြစ်တဲ့ Samsung Galaxy Fold မှာလည်း ခေါက်ချိုးမျက်နှာပြင်နဲ့ ပတ်သက်တဲ့ ပြဿနာလေးတွေ ရှိခဲ့ပါတယ်။

ယခု ခေါက်ချိုး ThinkPad မှာ အလားတူ ပြဿနာမျိုး မကြုံရစေဖို့အတွက် ကြိုးစားလုပ်ဆောင်နေပါတယ်လို့ Lenovo က ပြာကြားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ရောင်းချနိုင်ဖို့ မျှော်မှန်းထားတာကြောင့် ခေါက်ချိုးကွန်ပျူတာတွေကို ဈေးကွက်တွင်း အမှန်တကယ် တွေ့မြင်ရဖို့ မဝေးတော့ပါဘူး။

Ref: The Verge

Loading