IT

ဖုန်းတွေကို အလိုအလျောက် အရောင်းစက်နဲ့ ရောင်းချသွားမယ့် Xiaomi

Xiaomi က “Mi Express Kiosks” လို့ အမည်ပေးထားတဲ့ အလိုအလျောက် အရောင်းစက် (Vending Machines) တွေကို အိန္ဒိယနိုင်ငံအနှံ့ တပ်ဆင်သွားမှာ ဖြစ်ကြောင်း မေလ ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

Mi Express Kiosks ဖုန်းအရောင်းစက်တွေကို အိန္ဒိယနိုင်ငံ မြို့ကြီးတွေမှာရှိတဲ့ နည်းပညာလုပ်ငန်းဇုန်တွေ၊ မြေအောက်ရထားဘူတာရုံတွေ၊ လေဆိပ်တွေနဲ့ ရှော့ပင်းမောလ်လို လူသွားလူလာ များပြားတဲ့ အများပြည်သူနေရာတွေမှာ တပ်ဆင်ထားရှိသွားမှာ ဖြစ်ပါတယ်။

အိန္ဒိယပြည်သူတွေအနေနဲ့ ဖုန်းစတိုးဆိုင်တွေ သွားစရာမလိုဘဲ Xiaomi စမတ်ဖုန်း နဲ့ ဆက်စပ်ပစ္စည်းတွေကို အဆိုပါစက်တွေကနေ အလွယ်တကူ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ခရက်ဒစ်ကတ်၊ ဘဏ်ကတ်၊ ငွေသားနဲ့ UPI ငွေပေးချေမှုစနစ်တွေ အသုံးပြုပြီး နှစ်သက်ရာဖုန်းကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ယခုစက်တွေမှာ အသုံးပြုထားတဲ့ နည်းပညာအားလုံးကို အိန္ဒိယနိုင်ငံအတွင်းမှာပဲ လေ့လာ၊ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ Xiaomi က ပြောပါတယ်။

ဖုန်းတွေကို အလိုအလျောက် အရောင်းစက်ထဲ ထည့်ရောင်းချတဲ့ အစီအစဉ်ဟာ ကုမ္ပဏီထုတ်ကုန် ပစ္စည်းတွေကို တဆင့်ခံရောင်းချသူ မလိုအပ်ဘဲ သုံးစွဲသူထံ တိုက်ရိုက်ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi ရဲ့ နောက်ထပ် ခြေလှမ်းတခု ဖြစ်ပါတယ်။

Xiaomi ဟာ လက်ရှိမှာလည်း Mi.com အွန်လိုင်းဝက်ဘ်ဆိုဒ်နဲ့ Mi Home လက်လီအရောင်းဆိုင်တွေကနေ ထုတ်ကုန်ပစ္စည်းတွေကို တိုက်ရိုက်ရောင်းချနေတာပါ။ တိုက်ရိုက်အရောင်းစနစ်ကြောင့် ထုတ်ကုန်ပစ္စည်းတွေကို ပိုမိုသက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ Mi Express Kiosks တွေမှာလည်း အရောင်းဝန်ထမ်းတွေ ဆိုင်ဝန်ထမ်းတွေ မလိုအပ်တဲ့အတွက် ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုစရိတ်ကို ပိုမိုသက်သာစေမှာ ဖြစ်ပါတယ်။

ပထမဆုံး Mi Express Kiosk ကိုတော့ ဘန်ဂါလူရူ မြို့က Manyata Tech Park မှာ တပ်ဆင်ခဲ့ပါတယ်။ နောက်ထပ် မြို့ကြီးတွေမှာလည်း စက်အရေအတွက် အမြောက်အများကို မကြာခင် ထပ်မံတင်ဆင်သွားဖို့ စီစဉ်ထားပါတယ်။ စက်တည်ရှိရာနေရာတွေကို Mi.com အိန္ဒိယဆိုဒ် ကနေတဆင့် ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSM Arena, Gadgets 360

Loading