HP က Screen ၂ ခု ပါဝင်တဲ့ Gaming Laptop အသစ်တမျိုးကို ယနေ့ မိတ်ဆက်လိုက်ပါတယ်။ “OMEN X 2S” လို့ နာမည်ပေးထားပြီး၊ သာမန် Screen တခု သာမက ကီးဘုတ်အပေါ်ဘက်မှာလည်း နောက်ထပ် Screen တခု အပိုပါရှိတဲ့ ထူးခြားတဲ့ လက်ပ်တော့တလုံး ဖြစ်ပါတယ်။
အပို Screen က ၆ လက်မ အရွယ်ရှိတဲ့ 1080p Display ဖြစ်ပြီး၊ ဂိမ်းဆော့တဲ့အခါ အဓိက အသုံးပြုဖို့ ထည့်သွင်းပေးထားတာပါ။ ဂိမ်းတွင်းမြေပုံလိုမျိုး အဓိက မျက်နှာပြင်မှာ ဖော်ပြထားတဲ့ အစိတ်အပိုင်းအချို့ကို အပို Screen မှာ အချိန်နဲ့တပြေးညီ ပုံကြီးချဲ့ ဖော်ပြနိုင်တဲ့အတွက် ဂိမ်းဆော့တဲ့အခါ အသုံးဝင်မှာပါ။
ဂိမ်းဆော့ရင်း ဂိမ်းတွင်းသူငယ်ချင်းတွေနဲ့ စကားပြောတာ၊ YouTube ကြည့်တာ တွေလည်း အပို Screen နဲ့ လုပ်နိုင်ပါတယ်။ ဘာမှမကြည့်ချင်ဘူး ဆိုရင်တောင် လက်ပ်တော့ရဲ့ CPU နဲ့ GPU အသုံးပြုမှုအချက်အလက်တွေကို အပို Screen မှာ ဖော်ပြထားနိုင်ပါတယ်။
အရင်ကလည်း Screen ၂ ခု ပါတဲ့ လက်ပ်တော့တွေ ထွက်ရှိဖူးတဲ့အတွက် ယခု HP လက်ပ်တော့က ပထမဆုံးတော့ မဟုတ်ပါဘူး။ HP ရဲ့ အပို Screen ဟာ Apple MacBook Pro က Touch Bar အကြီးစားလို့ ဆိုနိုင်ပေမယ့် မတူတာက ယခု အပို Screen မှာ App အကုန်နီးပါးကို အသုံးပြုနိုင်ပါတယ်။
PC နဲ့ ဂိမ်းဆော့သူတွေဟာ အရင်ကတည်းက Screen ၂ ခု၊ ၃ ခုပါတဲ့ ကွန်ပျူတာတွေ ဆင်သုံးနေကြဖြစ်တဲ့အတွက် ယခု Screen ၂ ခု လက်ပ်တော့ကို သုံးရတာ အခက်အခဲ ရှိမှာ မဟုတ်ပါဘူး။
HP OMEN X 2S လက်ပ်တော့ရဲ့ အဓိက Display က ၁၅ လက်မ အကျယ်ရှိပြီး၊ 144Hz refresh rate ရှိတဲ့ 1080p Display ဖြစ်ပါတယ်။ ဒီ့ထက်မြင့်တာလိုချင်ရင် 240Hz မော်ဒယ် ဒါမှမဟုတ် 4K HDR မော်ဒယ်လည်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Intel ရဲ့ 9th Gen Core i9 8-core Processor ကို အသုံးပြုထားပြီး၊ Nvidia GeForce RTX 2080 Max-Q ဂရပ်ဖစ်ကတ်နဲ့ ဖြစ်ပါတယ်။ 32GB RAM ပါဝင်မှာပါ။
HP ဟာ ယခု OMEN X 2S အတွက် CPU မှာ သတ္တုအရည် သုတ်လိမ်းထားတဲ့ အထူးအအေးပေးစနစ်တမျိုးကို အသုံးပြုပေးထားပြီး၊ အပူစွန့်ထုတ်မှုနဲ့ ကွန်ပျူတာ စွမ်းဆောင်ရည်တို့ကို သိသိသာသာ တိုးတက်စေမယ်လို့ ဆိုပါတယ်။ ဒီ အပူထုတ်စနစ်ကြောင့် စွမ်းဆောင်ရည် ၂၈ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိမယ်လို့ ဆိုပါတယ်။
OMEN X 2S ကို သတ္တုကိုယ်ထည်အပြည့်နဲ့ ပြုလုပ်ထားပြီး၊ အထူအားဖြင့် ၂၂ မီလီမီတာ ရှိပါတယ်။ အလေးချိန် နဲ့ ဘက်ထရီသက်တမ်း တို့ကိုတော့ မပြောထားပါဘူး။ လာမယ့် ဇွန်လမှာ ၂,၀၉၉ ဒဿမ ၉၉ ဒေါ်လာနဲ့ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။
Ref: The Verge
You May Also Like These Stories:
ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာကို Lenovo ပြသ
4,230mAh ဘက်ထရီ ပါဝင်သည့် OPPO A5s ဖုန်းကို မြန်မာနိုင်ငံတွင် စတင် ဝယ်ယူနိုင်
ဒေါင်လိုက် ပြောင်းလဲ ကြည့်ရှုနိုင်တဲ့ တီဗီကို Samsung ပြသ
တီဗီတလုံး အရွယ်အစားရှိတဲ့ တက်ဘလက်ကို Samsung မိတ်ဆက်