OnePlus ပရိတ်သတ်တွေ စောင့်စားနေတဲ့ OnePlus 7 ကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ OnePlus 7 နဲ့ OnePlus 7 Pro မော်ဒယ် ၂ မျိုး မိတ်ဆက်ခဲ့ရာမှာ အဓိကမော်ဒယ်က OnePlus 7 Pro ဖြစ်တဲ့အတွက် ဒီမော်ဒယ်ကိုပဲ အသားပေး ဖော်ပြသွားပါမယ်။
OnePlus 7 Pro ကို လက်ရှိ OnePlus ဖုန်းတွေ ရောင်းချနေတဲ့ ဈေးကွက်တိုင်းအပြင် အမေရိကန်ပြည်တွင်းမှာလည်း T-Mobile က တဆင့် ရောင်းချသွားမယ်လို့ ဆိုပါတယ်။
OnePlus 7 မော်ဒယ် ၂ ခုလုံးမှာ Qualcomm ရဲ့ နောက်ဆုံး Mobile Chipset ဖြစ်တဲ့ Snapdragon 855 ကိုပဲ အသုံးပြုထားပါတယ်။ OnePlus 7 Pro ရဲ့ အဓိက ထူးခြားချက်ကတော့ ကြိုတင်သတင်းထွက်ထားတဲ့အတိုင်း ကိုယ်ထည်တွင်းက ထွက်လာမယ့် Pop-up ကင်မရာဒီဇိုင်း ဖြစ်သွားတာပါ။ ရိုးရိုး OnePlus ကတော့ မနှစ်က OnePlus 6T ဒီဇိုင်းအတိုင်း ရေစက်ပုံစံ Notch ပါ Display နဲ့ပဲ ဖြစ်ပါတယ်။
OnePlus 7 Pro ဟာ ကုမ္ပဏီအတွက် ပထမဆုံးသော ဂုဏ်ပုဒ်တွေ ပါတဲ့ ဖုန်းလို့ ဆိုနိုင်ပါတယ်။ “Notch လုံးဝ မပါတဲ့ ပထမဆုံးသော တကယ့် Screen အပြည့် OnePlus ဖုန်း” ၊ “1080p ထက်မြင့်တဲ့ Display ပါ ပထမဆုံးသော OnePlus ဖုန်း”၊ “ကျောကင်မရာ ၃ လုံးပါ ပထမဆုံး OnePlus ဖုန်း” စတဲ့ ဂုဏ်ပုဒ်တွေပါ။
ဈေးကလည်း အရင်ထက် မြင့်သွားပြီး ပရီမီယမ်ဈေးနှုန်း ဖြစ်သွားပါတယ်။ အနိမ့်ဆုံးမော်ဒယ်ကို ၆၉၉ ဒေါ်လာနဲ့ စပြီး၊ အမြင့်ဆုံးဆို ၇၄၉ ဒေါ်လာအထိ ဖြစ်သွားပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်တင် ထွက်ခဲ့တဲ့ OnePlus 6T ထက် ဒေါ်လာ ၁၁၀ လောက် ပိုများသွားပါတယ်။ ဒီဈေးနှုန်းကြောင့် Samsung, Apple တို့နဲ့ တိုက်ရိုက်ယှဉ်ပြိုင်မယ့် အမှတ်တံဆိပ်တခု ဖြစ်လာပါတယ်။
OnePlus 7 Pro ရဲ့ နောက်ထပ် ဆွဲဆောင်ချက် တခုကတော့ Display ပါ။ “Fluid AMOLED” လို့ အမည်ပြောင်းပေးထားတဲ့ HDR1-+ Display က QHD+ ရုပ်ထွက် အရည်အသွေး ဖြစ်သွားပြီး၊ ၆.၆၇ လက်မ အကျယ် ရှိပါတယ်။
Display ရဲ့ Refresh Rate ကလည်း 90Hz ဖြစ်သွားတဲ့အတွက် ပိုမိုညက်ညောတဲ့ အမြင်ကို ပေးစွမ်းနိုင်မှာပါ။ Screen ဘေးနှစ်ဖက်က ကွေးနေတဲ့အတွက် Samsung ဖုန်းတလုံးနဲ့ ပိုတူသွားပါတယ်။ မျက်နှာပြင်မှာ ရှေ့ကင်မရာအတွက် Notch နေရာ မထားတော့ဘဲ OPPO, Vivo ဖုန်းမော်ဒယ်အချို့အတိုင်း ဖုန်းထိပ်ပိုင်းကနေ ထွက်လာမယ့် မော်တာတပ် ရှေ့ကင်မရာစနစ်ကို ပြောင်းလဲ အသုံးပြုထားပါတယ်။
အကြိမ်ရေ ၃ သိန်းနဲ့ အထက် အသွင်း၊ အထုတ် ပြုလုပ်နိုင်တယ်လို့ ကုမ္ပဏီက ဆိုထားတာကြောင့် တနေ့ကို အကြိမ်ရေ ၁၅၀ အသွင်း၊ အထုတ် လုပ်မယ်ဆိုရင်တောင် ၅ နှစ်ခွဲလောက် စိတ်ချလက်ချ အသုံးပြုနိုင်မှာပါ။ လက်ဗွေရာစနစ်ကိုတော့ မျက်နှာပြင်အောက်မှာပဲ ထည့်သွင်းပေးထားပါတယ်။ 6T တုန်းက လက်ဗွေရာစနစ်ထက် ၂ ဆ အရွယ်အစားပိုကြီးလာတယ် လို့ ဆိုပါတယ်။
OnePlus 7 Pro ကို (6GB RAM/ 128GB) , (8GB/ 256GB) နဲ့ (12GB/ 256GB) ဆိုပြီး Storage မော်ဒယ်ကွဲ ၃ မျိုး ရောင်းချသွားမှာပါ။ ဈေးနှုန်းကတော့ ၆၆၉ ဒေါ်လာ၊ ၆၉၉ ဒေါ်လာနဲ့ ၇၄၉ ဒေါ်လာ အသီးသီး ရှိပါတယ်။
မှန်သားလို တောက်ပြောင်တဲ့ “ကျောဘက်အနက်ရောင် ကိုယ်ထည်” ဒါမှမဟုတ်၊ အနည်းငယ်မှိုင်းတဲ့ “အပြာရောင်” ဆိုပြီး ၂ ရောင် အရင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ရွှေရောင် မော်ဒယ်ကတော့ နောက်ပိုင်းမှ ထပ်မံ ရောင်းချမှာပါ။ OnePlus 7 Pro မှာ အအေးပေးစနစ် အသစ်ကို အသုံးပြုထားပြီး၊ တုန်ခါမှု မော်တာကို အဆင့်မြှင့်တင်ထားတာကြောင့် Screen ကို ဖိနှိပ်တဲ့အခါ ခံစားရတဲ့ Haptics Feedback ပိုမိုကောင်းမွန်လာမယ်လို့ သိရပါတယ်။
OnePlus ပရိတ်သတ်တွေအတွက် ဝမ်းသာစရာ အချက်တခုကတော့ စတီရီယို စပီကာ ၂ လုံး ပါဝင်လာတာပါ။ ဒါလည်း OnePlus ဖုန်းတွေမှာ ပထမဆုံးအကြိမ် စတီရီယိုစပီကာ ပါလာတာ ဖြစ်ပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပြီး၊ Warp Charge အားအမြန်သွင်းစနစ်က မိနစ် ၂၀ အတွင်း ဖုန်းအားတဝက်အထိ သွင်းပေးနိုင်ပါတယ်။ ကြိုးမဲ့ အားသွင်းစနစ်ကိုတော့ မတွေ့ရသေးပါဘူး။
ကျောကင်မရာ ၃ လုံးမှာ အဓိကကင်မရာက 48-megapixel၊ ဒုတိယအလုံးက မြင်ကွင်းကျယ် 16-megapixel Ultra-wide Camera နဲ့ တတိယအလုံးက ၃ ဆ Zoom ဆွဲနိုင်တဲ့ 8-megapixel Telephoto Camera တို့ ဖြစ်ပါတယ်။
ယခု ကင်မရာစနစ်မှာ မတူညီတဲ့ ဆုံချက်ဖြတ်စနစ် ၃ မျိုး (PDAF, contrast AF, laser focusing) တို့ကို ထည့်သွင်းပေးထားပြီး၊ အလင်းနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဆုံချက်ဖြတ်တဲ့ စွမ်းဆောင်ရည် သိသိသာသာ ပိုကောင်းလာမယ်လို့ သိရပါတယ်။ အရင်အတိုင်း 4K ဗီဒီယိုတွေကို တစက္ကန့် 60 Frames နှုန်းနဲ့ ရိုက်ကူးနိုင်သလို၊ 1080p အနှေးဗီဒီယိုတွေကို တစက္ကန့် 240 frames နှုန်းနဲ့ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ Galaxy S10 နဲ့ iPhone XS အတိုင်းပါပဲ။
OnePlus ပရိတ်သတ်တွေ အားမရဖြစ်နိုင်မှာတွေကတော့ ယခုအချိန်ထိ ရေစိုခံနိုင်စွမ်းအဆင့် သတ်မှတ်ချက် IP Rating နဲ့ ကြိုးမဲ့အားသွင်းစနစ်တို့ မပါလာသေးတာပါ။ IP Rating ဟာ ဈေးကြီးတဲ့အတွက် ဖုန်းတန်ဖိုးပိုမြင့်နိုင်လို့ မထည့်တာလို့ ကုမ္ပဏီက ဆိုပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကတော့ အခုအချိန်ထိ ကြိုးနဲ့ အားသွင်းတာလောက် မမြန်သေးလို့ပါတဲ့။
OnePlus ဖုန်းတွေဟာ ပြည်တွင်းဈေးကွက်မှာလည်း သုံးစွဲသူဦးရေ ပိုမိုမြင့်တက်လာလျက် ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်၊ ပထမဆုံး OnePlus One ထွက်ချိန်မှာ ၂၉၉ ဒေါ်လာပဲ ရှိခဲ့ပေမယ့် အခုတော့ ဒေါ်လာ ၇၀၀ ပါ ကျော်သွားတာကတော့ သုံးစွဲသူအသစ်တွေအတွက် စိတ်မကောင်းစရာပါ။ OnePlus 7 အကြောင်းကိုတော့ သက်သက် ဖော်ပြသွားပါမယ်။
Ref: The Verge
You may also like these stories:
Xiaomi ရဲ့ အမှတ်တံဆိပ်အသစ် Poco F1 ဖုန်း စတင်ထွက်ရှိ
၅၄၉ ဒေါ်လာဈေးနဲ့ ထွက်ရှိလာတဲ့ OnePlus 6T စမတ်ဖုန်း
iPad Pro အသစ်ကို အလွယ်တကူ ချိုးကွေးနိုင်
၃၉၉ ဒေါ်လာတန် Surface Go တက်ဘလက်အသစ်ကို Microsoft မိတ်ဆက်