OnePlus ဆိုတာ အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတွေကြောင့် နာမည်ရတဲ့ တရုတ် စမတ်ဖုန်း ကုမ္ပဏီတခု ဖြစ်ပါတယ်။
OnePlus က ယနေ့မှာ OnePlus 7 Pro နဲ့ OnePlus 7 ဖုန်းအသစ် ၂ မျိုးကို ထုတ်လုပ် မိတ်ဆက်လိုက်ပါတယ်။ ဒါပေမယ့် နယူးယောခ့်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖုန်းမိတ်ဆက်ပွဲမှာ OnePlus 7 Pro မော်ဒယ်ကိုပဲ အဓိကထား မိတ်ဆက်သွားခဲ့တာဖြစ်ပြီး၊ ရိုးရိုးမော်ဒယ်အကြောင်း မပြောသွားခဲ့ပါဘူး။ ဒီ့အတွက် ရိုးရိုး OnePlus 7 မော်ဒယ်ကို မသိ မရှိလိုက်ရအောင် ဖော်ပြပေးလိုက်ပါတယ်။
OnePlus 7 Pro နဲ့ ရိုးရိုး OnePlus 7 တို့ရဲ့ အဓိက ကွာခြားချက်ကတော့ ဒီဇိုင်းပါ။ Pro မော်ဒယ်မှာ မော်တာတပ် ရှေ့ကင်မရာစနစ်နဲ့ Screen အပြည့် ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး၊ ရိုးရိုး OnePlus 7 မှာတော့ အရင် ၆ လက ထွက်ခဲ့တဲ့ 6T မော်ဒယ်အတိုင်း ရေစက်ပုံစံ Notch ဒီဇိုင်းကိုပဲ ပြန်လည်အသုံးပြုထားပါတယ်။ ဈေးနှုန်းအနေနဲ့လည်း Pro မော်ဒယ်ထက် ပေါင် ၂၀၀ လောက် သက်သာသွားပါတယ်။ OnePlus 7 Pro က ၆၄၉ ပေါင်ရှိပြီး၊ OnePlus 7 က ၄၉၉ ပေါင် ပါ။
OnePlus 7 မှာ အနည်းငယ် ပိုသေးတဲ့ ၆.၄၁ လက်မအရွယ် Optic AMOLED Display ကို အသုံးပြုထားပါတယ်။ Display မှာ ကွာသွားမှာက Pro မော်ဒယ်လို QHD+ ရုပ်ထွက်အရည်အသွေးနဲ့ မဟုတ်ဘဲ FHD+ ပဲ ဖြစ်ကာ၊ Refresh Rate ကလည်း 90Hz မဟုတ်ဘဲ 60Hz ပဲ ပြန်ဖြစ်သွားပါတယ်။ Pro မော်ဒယ်က မျက်နှာပြင်အောက်လက်ဗွေရာစနစ်နဲ့ Gorilla Glass 6 အကြမ်းခံမှန်သားကိုတော့ ရိုးရိုးမော်ဒယ်မှာလည်း ပြန်လည် အသုံးပြုပေးထားပါတယ်။
OnePlus 7 Pro ကော OnePlus 7 မှာပါ နောက်ဆုံး Snapdragon 855 Chipset ကို အသုံးပြုထားပြီး၊ စွမ်းဆောင်ရည်ပိုမြင့်တဲ့ UFS 3.0 Storage နဲ့ ဖြစ်ပါတယ်။ အမြင့်ဆုံးအနေနဲ့ RAM 8GB နဲ့ Storage 256 အထိ ရွေးချယ်နိုင်ပါတယ်။
ကျောကင်မရာမှာလည်း Pro မော်ဒယ်နဲ့ ရိုးရိုး မော်ဒယ်တို့ တော်တော်ကွာခြားတာ တွေ့ရပါတယ်။ Sony IMX586 Sensor သုံး 48-megapixel ကင်မရာ ပါတာခြင်း တူပေမယ့်လည်း Pro မော်ဒယ်လို ကျောကင်မရာသုံးလုံး မဟုတ်ဘဲ၊ စုစုပေါင်း ၂ လုံးတည်းပါ။ ကျောကင်မရာ နောက် ၁ လုံးက နောက်ခံဝါးတဲ့ ဓာတ်ပုံတွ ရိုက်ဖို့အတွက် 5-megapixel Depth Sensor ဖြစ်ပါတယ်။ ကျောကင်မရာနဲ့ ဗီဒီယိုရိုက်ကူးနိုင်တဲ့ ပုံစံချင်းတာ့ တူညီပါတယ်။
OnePlus 7 ရဲ့ 16-megapixel ရှေ့ကင်မရာကိုတော့ ရှေ့ဖက်က Notch အတွင်းမှာ တွေ့မြင်ရမှာပါ။ EIS စနစ်ပါဝင်ပြီး၊ 1080p ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။
OnePlus 7 မှာ ဘက်ထရီကလည်း အနည်းငယ် ပိုသေးသွားပြီး၊ 3,700mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။ အားအမြန်သွင်းစနစ်လည်း မတူတော့ဘဲ 30W Warp Charge အားသွင်းစနစ်အား 20W အားအမြန်သွင်းစနစ်နဲ့ ဖြစ်သွားပါတယ်။ ဖုန်းမော်ဒယ် ၂ ခုလုံးမှာ စတီရီယို စပီကာတွေ ပါဝင်ပေမယ့်၊ 3.5mm ဂျက်ပင်ပေါက်တော့ မပါလာတော့ပါဘူး။ ဒီ့အစား USB Type-C အပေါက်ကနေပဲ နားကြပ်တပ် နားထောင်ရမှာပါ။
OnePlus 7 ကို “Mirror Gray” နဲ့ “Red” ဆိုပြီး အရောင် ၂ ရောင် ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး ဇွန်လအတွင်း စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – 90Hz Screen နဲ့ ကျောကင်မရာ ၃ လုံးပါဝင်တဲ့ OnePlus 7 Pro ကို တရားဝင် မိတ်ဆက်
Ref: The Verge, Gadgets 360