Honor က စမတ်ဖုန်း မျိုးဆက်သစ် Honor 20 Series ကို လန်ဒန်မြို့မှာ လာမယ့် မေလ ၂၁ ရက်နေ့ တရားဝင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Honor 20i ၊ Honor 20 နဲ့ Honor 20 Pro ဆိုပြီး မော်ဒယ် ၃ မျိုးတိတိ မိတ်ဆက်ပေးသွားမှာပါ။
မတူညီတဲ့ ဈေးနှုန်းအစားစားနဲ့ ထွက်ရှိလာမယ့် Honor 20 စမတ်ဖုန်းသစ်တွေကို မတူညီတဲ့ ဈေးကွက်များသို့ ဦးတည် ရောင်းချသွားဖွယ် ရှိနေပါတယ်။ ဈေးနှုန်းအားဖြင့် သက်သာတဲ့ “i” version၊ သာမန်အသုံးပြုလိုသူများအတွက် Honor 20 နဲ့ ပိုမိုပြည့်စုံတဲ့ လုပ်ဆောင်ချက်များပ ါဝင်မယ့် Pro version စသဖြင့် ခွဲခြားထုတ်လုပ်သွားမှာပါ။
တရားဝင် အတည်မပြုရသေးပေမယ့် ယခုထွက်ရှိလာမယ့် Honor 20 မျိုးဆက်တွေဟာ Huawei P30 ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို ယှဉ်ပြိုင်နိုင်ပြီး၊ တူညီတဲ့ နည်းပညာကို ပိုမိုသက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရရှိနိုင်မယ်လို့ သိရှိပါတယ်။
ဖုန်းကိုယ်ထည် ဒီဇိုင်း
Honor 20 Series မှာ ဆန်းသစ်လှပတဲ့ ဒီဇိုင်းကို မြင်တွေ့ရဖို့ ရှိပါတယ်။ ဖုန်းအနောက်ဘက်မှာ ဖန်သားသုံးထပ်ကို ပေါင်းစည်းပြီး၊ ရောင်ပြန်ဖြစ်အောင် ဖန်တီးထားတဲ့ “Triple 3D Mesh” နည်းပညာကို အသုံးပြုသွားဖို့ ရှိပါတယ်။ အဆိုပါ ဖန်သားသုံးထပ်ကို ဖန်သားပြင်တစ်ချပ်တည်းပုံစံ နောက်ခံ ကာဗာဖြစ်အောင် လုပ်ထားမှာပါ။
နောက်ထပ် ထူးခြားတာတခုက ဖုန်းမျက်နှာပြင်မှာ ရှေ့ကင်မရာအတွက် Notch အစား မျက်နှာပြင်ကို အပေါက်ဖောက်ထားတဲ့ ဒီဇိုင်းကို အသုံးပြုသွားဖို့ ရှိပါတယ်။ ဖုန်းကိုယ်ထည် အရှေ့နဲ့ အနောက်မှာ လက်ဗွေရာစနစ် မတွေ့မြင်ရတဲ့အတွက် မျက်နှာပြင်အောက် လက်ဗွေရာစနစ် ဒါမှမဟုတ်ရင် ပါဝါခလုတ်မှာ လက်ဗွေရာဆန်ဆာကို ထည့်သွင်းထားဖို့ ရှိပါတယ်။
ပေါက်ကြားထားတဲ့ ဓာတ်ပုံတွေအရ ဖုန်းကျောဘက် ဘယ်ဘက်ထောင့်ဆုံးမှာတော့ ကင်မရာ ၃ လုံး၊ ဒေါင်လိုက်အနေအထားရှိ စာတန်းတွေကို တွေ့မြင်ရတဲ့အတွက် ဒီဇိုင်းပိုင်းက Huawei P30 Pro နဲ့ တော်တော်လေး ဆင်တူပါတယ်။
မျက်နှာပြင်နဲ့ ရုပ်ထွက်
Honor 20 နဲ့ Honor 20 Pro မှာ ၆.၂၆ လက်မ IPS LCD Display ကို အသုံးပြုသွားဖို့ ရှိပြီး၊ ဖုန်းမျက်နှာပြင်နဲ့ ကိုယ်ထည်အချိုးအစား ၉၁.၆ ရာခိုင်နှုန်းအထိ ရှိမှာပါ။ pinhole ကင်မရာက ၄.၅ မီလီမီတာအရွယ်အစားပဲ ရှိတာကြောင့် တော်တော်လေး သေးမှာပါ။ ဖုန်းရဲ့ အောက်ခြေကလည်း အလွန်ပါးလွှာပြီး ထောင့်တွေမှာ ကွေးသွားတဲ့ ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။
Amazon Alexa App ပါလာနိုင်ဖွယ်ရှိ
အပေါ်ဓာတ်ပုံက Honor 20 ဖုန်းစရင်မှာ Amazon ရဲ့ Alexa App icon လေးကို သတိထားမိမှာပါ။ ဒီဂျစ်တယ် အထောက်အကူစနစ်အတွက် အရင်က Google Assistant ကိုပဲ သုံးခဲ့ရာကနေ အခု Amazon Alexa ကို ထည့်သွင်းထားပုံရပါတယ်၂၀၁၇ ခုနှစ်တုန်းက Huawei Mate 9 စမတ်ဖုန်းမှာလည်း Alexa ကို ပထမဆုံးအနေဖြင့် စတင်အသုံးပြုခဲ့ပြီး ဖြစ်တာကြောင့် အံ့သြစရာတော့ မရှိပါဘူး။
Honor 20 ရဲ့ ကင်မရာ နဲ့ အခြားအသေးစိတ်အချက်အလက်များ
Honor 20 pro ရဲ့ ကင်မရာမှာ Periscope Zoom နည်းပညာ၊ 5x optical Zoom နဲ့ 10x Hybrid Zoom ၊ Time-of-Flight (ToF) sensor စနစ်တို့ ပါဝင်နိုင်ပြီး၊ Huawei P30 Pro ရဲ့ ကင်မရာနည်းပညာ တူညီနိုင်ပါတယ်။ အဓိကကင်မရာက 48 MP ကင်မရာဖြစ်ပါတယ်။ ကျောကင်မရာ ၃ လုံး ကနေ ၄ လုံးအထိ ပါဝင်မယ်လို့ ယုံကြည်ရတဲ့ သတင်းဌာနတခုက ဖော်ပြထားပါတယ်။
Honor 20 ရဲ့ ကျောကင်မရာကတော့ Honor View 20 အတိုင်း 48-megapixel အဓိက ကင်မရာ၊ 20-megapixel ဒုတိယ ကင်မရာနဲ့ 8-megapixel lens တတိယ ကင်မရာတို့ ဖြစ်ပါတယ်။ စတုတ္ထကင်မရာ ပါလာမယ်ဆိုရင်တော့ 2MP Depth ကင်မရာ ဖြစ်ဖို့ များပါတယ်။
Honor 20 Series မှာ စွမ်းဆောင်ရည်မြင့် Kirin 980 processor ကို အသုံးပြုမှာ ဖြစ်ပြီး၊ 6GB ၊ 8GB RAM နဲ့ 128GB၊ 256GB Storage နဲ့ လာနိုင်ပါတယ်။ ဘက်ထရီကတော့ 3560 mAh ဘက်ထရီပါ။ 22.5W အား SuperCharge အားအမြန်သွင်းစနစ်လည်း ပါဝင်လာဖွယ်ရှိပါတယ်။
အထူးထုတ်ကုန်များ
Honor 20 Series ဖုန်းသစ်တွေမှာလည်း View 20 တုန်းကလိုပဲ MOSCHINO နှင့် မိတ်ဖက်ပူးတွဲလုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။ ဒီတခေါက်မှာတော့ အထူးထုတ် MOSCHINO ဖုန်းတွေလည်း ပါဝင်လာနိုင်ပါတယ်။ MOSCHINO ဒီဇိုင်းနဲ့ ထွက်ရှိမယ့် အထူးထုတ်ဖုန်းမှာတော့ MOSCHINO သေတ္တာဘူး ၊ MOSCHINO ကာဗာတွေအပြင် သက်ဆိုင်သည့် Software Theme လည်း ပါဝင်လာမှာပါ။
ဒါ့အပြင် တရုတ်နိုင်ငံမှာ မကြာမီက မိတ်ဆက်ခဲ့တဲ့ AAPE ဖက်ရှင်ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့လည်း ပူးပေါင်းပြီး Limited Edition Honor 20 ဖုန်းတွေကို ထုတ်သွားဖို့ ရှိပါတယ်။ အပြာရောင်နဲ့ ပန်းရောင် အရောင် ၂ မျိုး ထုတ်သွားမှာပါ။ အဆိုပါဖုန်းတွေမှာတော့ AAPE အမှတ်တံဆိပ်သေတ္တာဘူးနဲ့ Theme Software တွေ ပါဝင်မှာ ဖြစ်ပါတယ်။
Honor က လန်ဒန်မြို့မိတ်ဆက်ပွဲအပြီးမှာ တရုတ်ပြည်ရဲ့ အာကာသအေဂျင်စီ တစ်ခုကနေ Honor 20 မျိုးဆက်ဖုန်းတွေကို လကမ္ဘာသို့ သယ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။ အာကာသအတွင်းကနေ Honor ဖုန်း ကင်မရာ တခုတည်းကို အသုံးပြုပြီး ရှင်းလင်းပြတ်သားတဲ့ ကမ္ဘာမြေ ဓာတ်ပုံတွေကို ရိုက်ကူးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref: Honor, XDA Developers
You may also like these stories:
Huawei P30 နဲ့ Huawei P30 Pro အကြောင်း သိထားသင့်သမျှ
Screen ၂ ခု ပါဝင်တဲ့ လက်ပ်တော့ကို HP မိတ်ဆက်
ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာကို Lenovo ပြသ
DJI ရဲ့ ပထမဆုံး Action Camera “Osmos Action”