Motorola က One Vision ဆိုတဲ့ စမတ်ဖုန်း မော်ဒယ်သစ်တမျိုးကို ယနေ့ မိတ်ဆက်လိုက်ပါတယ်။ လက်ရှိထွက်ပြီးသား Motorola စမတ်ဖုန်းတွေနဲ့ မတူ ခွဲထွက်နေတဲ့ ဖုန်းတလုံးဆိုရင် မမှားပါဘူး။
One Vision ဖုန်းမှာ ရုပ်ရှင်တွေကြည့်ဖို့အတွက် အကောင်းဆုံး အချိုးအစားဖြစ်တဲ့ 21:9 Aspect Ratio မျက်နှာပြင်ကို အသုံးပြုထားပြီး၊ တခြားဖုန်းတွေထက် မျက်နှာပြင် သိသိသာသာ ပိုရှည်မှာပါ။ Sony ရဲ့ Xperia 10 ဖုန်းမှာလည်း ဒီအချိုးအစားကို အသုံးပြုထားတာ တွေ့ရပါတယ်။
Morola က အခု မျက်နှာပြင် ဒီဇိုင်းကို “CinemaVision” လို့ အမည်ပေးထားပါတယ်။ မျက်နှာပြင်အကျယ် ၆.၃ လက်မရှိပြီး၊ 1080 x 2520 pixels (FHD+) ရုပ်ထွက်အရည်အသွေး ရှိပါတယ်။ One Vision ဖုန်းကို မြင်တာနဲ့ သတိထားမိမယ့် နောက်အချက်တခုကတော့ ရှေ့ကင်မရာကို မျက်နှာပြင်မှာ အပေါက်ဖောက်ပြီး ထည့်သွင်းထားတာပါ။ 25MP ကင်မရာ ဖြစ်ပါတယ်။
အရင် Motorola One ဖုန်းတွေမှာ iPhone X ပုံစံ Notch ဒီဇိုင်းကို အသုံးပြုခဲ့ပေမယ့် အခု ဖုန်းမှာတော့ Screen ဧရိယာပိုကျယ်တဲ့ ယခုဒီဇိုင်းကို ပြောင်းလဲ အသုံးပြုထားတာ ဖြစ်ပါတယ်။
တခြား Motorola ဖုန်းတွေမှာ မပါသေးတာ တခုလည်း One Vision မှာ ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။ လက်ရှိ ခေတ်စားနေတဲ့ 48-megapixel ကင်မရာပါ။ လက်တုန်လို့ ဓာတ်ပုံဝါးတာတွေ မဖြစ်စေဖို့ OIS လည်း ပါဝင်ပါတယ်။
စုစုပေါင်း ကျောကင်မရာ ၂ လုံး ဖြစ်ပြီး၊ နောက်တလုံးကတော့ 5MP, f/2.2 Depth Sensor ဖြစ်ပါတယ်။ ရိုက်ကူးတဲ့ မြင်ကွင်းအလိုက် ပုံရိပ်ချိန်ညှိပေးတဲ့ AI စနစ်တွေနဲ့ Night Vision စနစ်တို့လည်း ပါဝင်လာပါတယ်။ ဖုန်းကျောဘက်မှာ Motorola ရဲ့ အထင်ကရ တံဆိပ်ကို တွေ့မြင်ရမှာ ဖြစ်ပြီး၊ ဒီထဲမှာပဲ လက်ဗွေရာဆန်ဆာကို ထည့်သွင်းထားပါတယ်။
One Vision ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နောက်အချက်တခုကတော့ Exynos 9609 Chipset ကို အသုံးပြုထားတာပါ။ Meizu ပြီးနောက် Samsung Chipset ကို အသုံးပြုလာတဲ့ ဒုတိယမြောက် ဖုန်းကုမ္ပဏီ ဖြစ်ပါတယ်။ 4GB RAM ပါဝင်ပြီး၊ Storage ကို 128GB အထိ ထည့်ပေးထားပါတယ်။ ဈေးနှုန်းနဲ့ ယှဉ်ရင် မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ microSD ကတ်လည်း ထပ်စိုက်နိုင်ဦးမှာပါ။
One Vision မှာ 3,500mAh ဘက်ထရီကို အသုံးပြုထားပြီး၊ 15W အားအမြန်သွင်းစနစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ One ဖုန်းတွေအတိုင်း Android One စနစ်နဲ့ ဖြစ်ပြီး၊ ဆော့ဖ်ဝဲအသစ် ထောက်ပံ့မှု ၃ နှစ်တိုင်တိုင် ရရှိမှာပါ။
Motorola One Vision စမတ်ဖုန်းကို ဘရာဇီးနိုင်ငံမှာ ယနေ့ကစ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ အပြာနဲ့ ကြေးရောင် ၂ မျိုးပဲ ထုတ်သွားမှာပါ။ မကြာခင် လအနည်းငယ်အတွင်း တခြားဈေးကွက်တွေမှာလည်း ရောင်းချဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းက ၃၃၅ ဒေါ်လာပဲ ရှိတဲ့အတွက် ဖုန်းနဲ့ ရုပ်ရှင်၊ ဗီဒီယိုအကြည့်များသူတွေ ကြိုက်နှစ်သက်မယ့် ဖုန်းတလုံး ဖြစ်ပါတယ်။
Ref: The Verge, GSM Arena
You may also like these stories:
HDR10 Display နဲ့ ထွက်ရှိလာတဲ့ Nokia 7.1 စမတ်ဖုန်း
ကင်မရာ ၄ လုံးပါဝင်တဲ့ Maimang 7 စမတ်ဖုန်းအသစ်ကို Huawei မိတ်ဆက်
5,000mAh ဘက်ထရီပါဝင်တဲ့ Motorola P30 Note ထွက်ရှိ
4,230mAh ဘက်ထရီ ပါဝင်သည့် OPPO A5s ဖုန်းကို မြန်မာနိုင်ငံတွင် စတင် ဝယ်ယူနိုင်