IT

Samsung နဲ့ Huawei တို့ရဲ့ နှစ်ရှည် မူပိုင်ခွင့်တိုက်ပွဲ အဆုံးသတ်

ကမ္ဘာ့ထိပ်သီး စမတ်ဖုန်း ကုမ္ပဏီကြီ းနှစ်ခုဖြစ်တဲ့ Samsung နဲ့ Huawei တို့ရဲ့ မူပိုင်ခွင့်တိုက်ပွဲကို နှစ်ဦးသဘောတူ အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

ကုမ္ပဏီနှစ်ခုကြား စမတ်ဖုန်း မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ နှစ်အတော်ကြာနေပြီ ဖြစ်ပြီး၊ အပြန်အလှန် တရားစွဲဆို ထားမှုပေါင်း ၄၀ ကျော် ရှိပါတယ်။ ယခုတော့ အမှုအားလုံးကို နှစ်ဦးနှစ်ဖက် ကျေအေးပြီး ငြိမ်းချမ်းရေး ရယူနိုင်ခဲ့ပြီလို့ Nikkei သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နှစ်ဦးသဘောတူ ပြေငြိမ်းမှုမှာ ဘယ်လို စည်းကမ်း သတ်မှတ်ချက်တွေ ပါသလဲ ဆိုတာကိုတော့ တရားဝင် မကြေညာရသေးပါဘူး။ ဒါပေမဲ့ ကုမ္ပဏီနှစ်ခုကြား မူပိုင်ခွင့် အပြန်အလှန် အသုံးပြုရေးဆိုင်ရာ စာချုပ်တခု ထားရှိဖို့အတွက် အကြမ်းဖျဉ်း သဘောတူညီမှု ရယူနိုင်ခဲ့ပုံ ပေါ်ပါတယ်။

စမတ်ဖုန်းလုပ်ငန်း နယ်ပယ်အတွင်း အပြောင်းအလဲများစွာ ရင်ဆိုင်နေချိန်မှာ Samsung နဲ့ Huawei တို့ကလည်း နှစ်ဦးကြား အငြင်းပွားမှုတွေကို ခဝါချခဲ့တာ ဖြစ်ပါတယ်။ ရှေ့ ၁ နှစ်၊ ၂ နှစ် လောက်ဆိုရင် စမတ်ဖုန်း တွေဟာ 5G ကွန်ရက်ဆီ တက်လှမ်းတော့မှာ ဖြစ်တာကြောင့် ဖုန်းရောင်းချမှု ပမာဏ ကျဆင်းလာတာကို ဖုန်း ကုမ္ပဏီ အများအပြား ကြုံတွေ့နေရပါတယ်။

၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်မှာ Huawei ကုမ္ပဏီ တခုလောက်ပဲ အရောင်း ၅၀ ရာခိုင်နှုန်းအထိ တိုးတက်တာ တွေ့ခဲ့ရပါတယ်။ Samsung အနေနဲ့လည်း ရောင်းအား ကျဆင်းမှု ရှိနေသလို၊ မူပိုင်ခွင့် တိုက်ပွဲမှာလည်း ရှုံးတဲ့ဘက်က ရောက်နေတာကြောင့် အခုလို အားလုံး ကျေအေး လိုက်တာ ဖြစ်ဖို့ ရှိပါတယ်။

လွန်ခဲ့တဲ့ လတုန်းကလည်း အလားတူ ဖြစ်ရပ်တခု ရှိခဲ့ပါတယ်။ Apple နဲ့ Qualcomm တို့ဟာ နှစ်ရှည်လများ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ မူပိုင်ခွင့်အငြင်းပွားမှုကို အဆုံးသတ်လိုက်တာပါ။ အဆိုပါ ကျေအေးမှုမှာလည်း 5G နည်းပညာက အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

Qualcomm နဲ့ ပြေငြိမ်းမှု မရတဲ့အတွက် Apple အနေနဲ့ 5G ဖုန်းထုတ်ဖို့ ပြိုင်ဘက်တွေထက် တနှစ်လောက် နောက်ကျ ကျန်ခဲ့အပြီးမှာ ပြေငြိမ်းလိုက်တာပါ။ Samsung နဲ့ Huawei တို့အကြား အမှုအခင်းဟာ ၂၀၁၆ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Huawei က သူ့ရဲ့ LTE မူပိုင်ခွင့်တွေကို Samsung က ချိုးဖောက်နေကြောင်း စွပ်စွဲပြီး တရားစွဲဆိုခဲ့ရာကနေ စတင်ခဲ့တဲ့ အမှုဖြစ်ပါတယ်။ Huawei ဘက်က မိခင်တရုတ်နိုင်ငံမှာ အမှုအချို့ စတင် အနိုင်ရခဲ့ပြီးနောက်မှာတော့၊ ယခုနှစ်အစောပိုင်းမှာ ကုမ္ပဏီနှစ်ခုကြား အမှုတခုကို စတင်ကျေအေးမှု ရယူနိုင်ခဲ့ပါတယ်။ အခုတော့ ရှိသမျှအမှု အကုန် ကျေအေးပြီး၊ ငြိမ်းချမ်းရေးယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Ref: The Verge

You may also like these  stories:

ဟွာဝေးကုမ္ပဏီက အမေရိကန်အစိုးရကို တရားစွဲ

Samsung က ကိုယ်ထည်အပြင်ဘက် ချိုးကွေးနိုင်သည့် ဖုန်းဒီဇိုင်းအသစ်ကို မူပိုင်ခွင့်တင်

Samsung Galaxy S10 စီးရီး ဝယ်ယူသူတွေကို Spotify Premium ၆ လ အခမဲ့ ပေးမည်

စမတ်ဖုန်း ဈေးကွက်ကို တဆစ်ချိုး ပြောင်းလဲပစ်နိုင်တဲ့ ကိုယ်ထည်ပျော့ Foldable ဖုန်းမျာ

Loading