IT

အပေါ်လှန်တက်လာမယ့် ကင်မရာဒီဇိုင်းနဲ့ ASUS ZenFone 6 ကို မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

ASUS ရဲ့ ဖုန်းမော်ဒယ်အသစ် ZenFone 6 ကို တရားဝင် မိတ်ဆက် လိုက်ပါပြီ။ ZenFone 5 တုန်းက iPhone X နဲ့ ဆင်တူတယ်ဆိုပြီး ဝေဖန်မှုတွေ ရရှိခဲ့တာကြောင့်၊ ယခု မော်ဒယ်သစ်မှာတော့ အဆန်းသစ်ဆုံး ဒီဇိုင်းဖြစ်အောင် ဖန်တီးထုတ်လုပ်ထားတာ တွေ့ရပါတယ်။

ZenFone 6 ရဲ့ မျက်နှာပြင် အပေါ်ဘက်မှာ ဘောင် လုံးဝ ပါတော့မှာ မဟုတ်ဘဲ၊ Screen က ကိုယ်ထည်အပြည့် ဖြစ်နေမှာပါ။ ဒါ့အပြင် ဒီဖုန်းမှာ ရှေ့ကင်မရာလည်း ပါလာမှာ မဟုတ်ပါဘူး။ Selfie ရိုက်မယ်ဆိုရင် ကျောကင်မရာကို အပေါ်လှန်ပြီး ရိုက်ကူးရမှာပါ။ ရှေ့ကင်မရာဖွင့်လိုက်တာနဲ့ ကင်မရာ အစိတ်အပိုင်းတခုလုံး အလိုအလျောက် အပေါ်လှန်တက်လာမှာ ဖြစ်ပါတယ်။

ကင်မရာ ၂ လုံးတွဲစနစ် ဖြစ်ပြီး၊ Sony IMX586 sensor သုံး 48MP ကင်မရာနဲ့ ၁၂၅ ဒီဂရီ မြင်ကွင်းကျယ် 13MP ကင်မရာတို့ကို အသုံးပြုထားပါတယ်။ ASUS ဟာ ZenFone 6 မှာ အသစ်တွေ လုပ်ပြထားပေမယ့် ဈေးနှုန်းကိုတော့ အရင်မော်ဒယ် အတိုင်းပဲ သတ်မှတ်ထားပါတယ်။ 6GB RAM နဲ့ 64GB Storage ပါတဲ့ မော်ဒယ်ကို ၄၉၉ ဒေါ်လာပဲ ပေးရမှာပါ။

ZenFone 6 ရဲ့ မျက်နှာပြင်က ၆.၄ လက်မ အကျယ်ရှိတဲ့ IPS LCD ဖြစ်ပြီး၊ Full-HD ရုပ်ထွက် အရည်အသွေးနဲ့ ဖြစ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်ကို Gorilla Glass 6 မှန်သား အုပ်ပေးထားသလို၊ ကျောဘက်ကိုလည်း Gorilla Glass အုပ်ပေးထားပါတယ်။ လက်ဗွေရာ ဆင်ဆာစနစ်ကိုတော့ သမားရိုးကျအတိုင်း ဖုန်းကျောဘက်မှာပဲ ထည့်သွင်းထားပါတယ်။

ZenFone 6 မှာ လက်ရှိအမြင့်ဆုံးဖြစ်တဲ့ Snapdragon 855 Chipset ကို အသုံးပြုထားကာ၊ အမြင့်ဆုံး 8GB RAM နဲ့ 256GB UFS 2.1 Storage အထိ ရရှိနိုင်ပါတယ်။ SIM နှစ်ကတ်အပြင် microSD ကတ်ပါ တပြိုင်တည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 5000mAh ဘက်ထရီကြီးကြီး သုံးပေးထားပြီး၊ 3.5mm နားကြပ်ပေါက်လည်း ပါပါတယ်။ ဒါ့အပြင် Google Assistant ဒါမှမဟုတ် DND, Screenshot ကြိုက်နှစ်သက်ရာ ရွေးချယ်ပေးထားနိုင်တဲ့ “စမတ်ခလုတ်” တခုလည်း ဖုန်းမှာ သီးသန့် ပါရှိလာပါတယ်။

ASUS ZenFone 6 ကို ဥရောပမှာ မေလ ၂၃ ရက်နေ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး၊ Asus.com နဲ့ အခြား လက်လီ အရောင်းဆိုင်တွေကနေ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: The Verge, GSM Arena

You may also like these stories:

DJI ရဲ့ ပထမဆုံး Action Camera “Osmos Action”

OnePlus 7 Pro ထက် ပိုမိုဈေးသက်သာတဲ့ OnePlus 7 ကို တပါတည်း မိတ်ဆက်

Screen ၂ ခု ပါဝင်တဲ့ လက်ပ်တော့ကို HP မိတ်ဆက်

ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာကို Lenovo ပြသ

Did you find apk for android? You can find new Free Android Games and apps.
Loading