အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့က ရဲတပ်ဖွဲ့နဲ့ အစိုးရဌာနအားလုံးမှာ မျက်နှာစစ်ဆေး ဖတ်သားတဲ့ နည်းပညာကို အသုံးမပြုဖို့ တားမြစ်လိုက်ပါတယ်။ “Facial Recognition” လို့ ခေါ်တဲ့ မျက်နှာဖတ်နည်းပညာသစ်ကို တားမြစ်ပိတ်ပင်လိုက်တဲ့ ပထမဆုံး အမေရိကန်မြို့အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ယခု တားမြစ်မိန့်ကို ဆန်ဖရန်စစ္စကို မြို့တော်အုပ်ချုပ်ရေးဘုတ်အဖွဲ့က ၈ မဲ ၁ မဲနဲ့ အင်္ဂါနေ့မှာ အတည်ပြုပေးလိုက်တာပါ။ မြို့တော်သယ်ယူပို့ဆောင်ရေး အာဏာပိုင်ဌာန၊ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေ အပါအဝင် မည်သည့် ဒေသတွင်း အစိုးရအဖွဲ့အစည်းတိုင်းမှာမဆို Facial Recognition နည်းပညာကို လုံးဝ အသုံးပြုခွင့် ရမှာမဟုတ်ပါဘူး။
အကယ်၍ အခြား စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာသစ် တခုခု အသုံးပြုချင်တယ်ဆိုရင်လည်း မြို့တော် အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက် အရင် တောင်းခံရမှာ ဖြစ်ပါတယ်။ လက်ရှိ သုံးနေတဲ့ ထောက်လှမ်းရေးစနစ်အားလုံးကိုလည်း စစ်ဆေးမှုပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တားမြစ်မိန့်ကို မနှစ်မြို့သူတွေကတော့ မျက်နှာဖတ်တဲ့ နည်းပညာကို တားမြစ်လိုက်တာက ပြည်သူတွေရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်ပြီး၊ ရာဇဝတ်မှုဆန့်ကျင်ရေး ကြိုးပမ်းမှုတွေကို နှောင့်နှေးစေနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။
ထောက်ခံသူတွေကတော့ လက်ရှိ မျက်နာဖတ် နည်းပညာဟာ ယုံကြည်အားထားရလောက်တဲ့ အခြေအနေမှာ မရှိသေးတဲ့အတွက် ပြည်သူတွေရဲ့ တကိုယ်ရည် လွတ်လပ်ခွင့်နဲ့ နိုင်ငံသား အခွင့်အရေးတို့ကို မလိုအပ်ဘဲ ထိပါးမှုတွေ ရှိလာနိုင်ကြောင်း ပြောကြားခဲ့ကြပါတယ်။ မျက်နှာဖတ်တဲ့ စနစ်တွေဟာ မှားယွင်းမှု များနေသေးပြီး၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ အသားရောင် မည်းနက်သူတွေကို စစ်ဆေးဖတ်ရှုရာမှာ အမှားများနေတုန်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇွန်လ မေရီလန်းပြည်နယ်၊ Capital Gazettte သတင်းစာတိုက် ပစ်ခတ်မှုမှာ သံသယရှိသူ သေနတ်သမားကို မျက်နှာဖတ်တဲ့ နည်းပညာကို အသုံးပြုပြီး၊ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းတွေက ဒီနည်းပညာကို အစိုးရဘက်က အလွဲသုံးစား လုပ်နိုင်ခြေ ရှိပြီး၊ အမေရိကန်ပြည်ထောင်စုကို ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် လားရာဖြစ်တဲ့ Surveillance State လမ်းကြောင်းဆီ တွန်းပို့နိုင်ခြေရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။
နည်းပညာကြောင့် တိုးတက်ပြောင်းလဲလာတဲ့ ဆန်ဖရန်စစ္စကိုလို မြို့ကြီးတမြို့မှာ မျက်နှာဖတ်တဲ့ နည်းပညာကို တားမြစ်လိုက်တာက အမေရိကန်နိုင်ငံ တခုလုံးကို သတိထားမိစေမှာဖြစ်ကြောင်း တားမြစ်မိန့် အဆိုပြုချက်ကို ဦးဆောင်တင်သွင်းခဲ့တဲ့ ဆန်ဖရန်စစ္စကို မြို့တော်အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင် Aaron Peskin က ပြောကြားခဲ့ပါတယ်။
လက်ရှိလည်း ဆန်ဖရန်စစ္စကိုရဲတပ်ဖွဲ့မှာ မျက်နှာဖတ်တဲ့နည်းပညာကို မသုံးသေးပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအတွင်းက အခြားရဲဌာနအချို့မှာတော့ အသုံးချနေပြီ ဖြစ်ပါတယ်။
Ref: BBC, The Verge, NY Times