ဂိမ်းဈေးကွက်ရဲ့ ပြိုင်ဘက် ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Microsoft နဲ့ Sony တို့က ထင်မထားတဲ့ လက်တွဲမှုတခုကို ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာလိုက်ပါတယ်။ Cloud နည်းပညာ အခြေပြု ဂိမ်းဝန်ဆောင်မှုတွေကို ကုမ္ပဏီနှစ်ခု ပူးတွဲ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်တာပါ။
“ကုမ္ပဏီနှစ်ခုရဲ့ သက်ဆိုင်ရာ Game နဲ့ Content-Steaming ဝန်ဆောင်မှုတွေမှာ အသုံးပြုဖို့အတွက် Microsoft Azure အတွက် အနာဂတ် Cloud နည်းပညာအသစ်တွေကို ပူးတွဲ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့” Microsoft က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Sony ရဲ့ လက်ရှိ Game နဲ့ Content-streaming ဝန်ဆောင်မှုတွေကိုလည်း အနာဂတ်မှာ Microsoft Azure နည်းပညာနဲ့ လည်ပတ်သွားတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီနှစ်ခု ပူးပေါင်းဖော်ဆောင်မယ့်အထဲမှာ Content ဖန်တီးသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဖန်တီးမှုဆိုင်ရာ ပလက်ဖောင်းတွေ တည်ဆောက်ဖို့အတွက်လည်း ပါဝင်တယ်လို့ Microsoft က ဆိုပါတယ်။
ဒီစကားအရ Sony နဲ့ Microsoft တို့ဟာ Content ဖန်တီးသူတွေနဲ့ ဂိမ်းအသိုင်းအဝိုင်းအတွက် ရည်ရွယ်ထားတဲ့ ဝန်ဆောင်မှု အသစ်တွေကို ပူးတွဲ လုပ်မယ့် သဘောပါ။ ယခု လက်တွဲမှုမှာ Sony ပိုင် PlayStation နဲ့ Microsoft ရဲ့ Xbox ဂိမ်းပလက်ဖောင်းတွေ အကြောင်းကိုတော့ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါဘူး။
နောက်ထပ် သတင်းအချက်အလက်တွေကို အဆင်သင့်ဖြစ်တာနဲ့ ထပ်မံအသိပေးသွားမယ်လို့ ကုမ္ပဏီနှစ်ခုလုံးက ပြောကြားထားပါတယ်။ Microsoft နဲ့ Sony တို့ဟာ အရင်ကလည်း အချို့ လုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပေမယ့်၊ Sony ရဲ့ PlayStation နဲ့ Microsoft ရဲ့ Xbox တို့က ဂိမ်းဈေးကွက်အတွင်းမှာ အဓိက တိုက်ရိုက် ယှဉ်ပြိုင်ဘက်တွေ ဖြစ်ပါတယ်။
ဒါပေမယ့် အခုအခါ ထိပ်သီးနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Google ကလည်း Game Streaming ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်လိုက်တဲ့အတွက် ကိုယ်ပိုင် Game Streaming လုပ်နေတဲ့ Sony နဲ့ Microsoft တို့အတွက် ပြိုင်ဘက်အသစ်တခု တိုးလာပါတယ်။
Cloud နည်းပညာမှာလည်း Cloud ကုမ္ပဏီကြီးတွေ ပိုမိုအားကောင်းလာပြီး၊ ဒေတာ စင်တာတွေ၊ ဆာဗာစက်တွေနဲ့ ကွန်ရက်ပစ္စည်းတွေအတွက် ဒေါ်လာ ဘီလျံ များစွာ မသုံးနိုင်ရင် နောက်ကျ ကျန်ရစ်နိုင်ခဲ့တဲ့ အန္တရာယ်ကို နည်းပညာကုမ္ပဏီ အများအပြား ရင်ဆိုင်နေရပါတယ်။
Sony ဘက်ကလည်း PlayStation အတွက် ကိုယ်ပိုင် Cloud Gaming ဝန်ဆောင်မှုတခုကို ၇ နှစ်တောင် ကြိုးစား အကောင်အထည် ဖော်ခဲ့သည့်တိုင် အောင်မြင်မှု အကန့်အသတ်ပဲ ရရှိသေးတာကြောင့် Gaming ပြိုင်ဘက် Microsoft ကို တိုက်ရိုက် ယှဉ်ပြိုင်မယ့်အစား လက်တွဲမှု ရယူလိုက်တာ ဖြစ်ပါတယ်။
“Game Streaming ခေတ်စားလာသလို ထိပ်သီးကုမ္ပဏီ Google လည်း ဝင်လာတာကြောင့် Sony လည်း ထိတ်လန့်နေပါတယ်။ သူ့ရဲ့ ကွန်ရက် အခြေခံ အဆောက်အအုံ အစုလိုက်ကို Microsoft ကို လွှဲပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” လို့ Asymmetric Advisors ရဲ့ နည်းစနစ်ပညာရှင် Amir Anvarzadeh က Bloomberg သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Sony ဟာ ၂၀၁၂ ခုနှစ်မှာ အမေရိကန် တက်သစ်စကုမ္ပဏီ Gaikai Inc. ကို ကန်ဒေါ်လာ သန်း ၃၈၀ နဲ့ ဝယ်ယူပြီးနောက်မှာ Cloud Gaming ကို စတင် ဝင်ရောက်ခဲ့ပါတယ်။ Cloud နည်းပညာနဲ့ ဂိမ်းဝန်ဆောင်မှု ပေးတဲ့ ပထမဆုံး ဗီဒီယိုဂိမ်း ကုမ္ပဏီကြီးတခုလည်း ဖြစ်ပါတယ်။ အဲဒီနောက် ၃ နှစ်အကြာမှာ ကုမ္ပဏီဆာဗာတွေမှာ တင်ထားတဲ့ ဂိမ်းတွေကို အင်တာနက်လိုင်းရှိရုံနဲ့ ဆော့ကစားနိုင်တဲ့ PlayStation Now ကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။
ယခုအခါ PlayStation Now ကို လစဉ်ကြေးပေးပြီး ဆော့ကစားသူ ၇ သိန်းကျော် ရထားပြီး ဖြစ်ပေမယ့်၊ ကုမ္ပဏီကိုယ်တိုင် တည်ဆောက် လည်ပတ်တဲ့ Cloud စနစ်ကြောင့် ကွန်ရက် ချိတ်ဆက်မှု ညံ့ဖျင်းတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ခံခဲ့ရပါတယ်။ အခု Microsoft နဲ့ ပူးပေါင်းပြီး ဘယ်လို Cloud Gaming ဝန်ဆောင်မှုအသစ်တွေ မိတ်ဆက်ပေးလာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
Cloud နည်းပညာအပြင် Sony ရဲ့ ပုံရိပ်ဆန်ဆာနည်းပညာနဲ့ Microsoft ရဲ့ ဉာဏ်ရည်တု (AI) နည်းပညာတို့ကို ပေါင်းစပ်ပြီး၊ စမတ်ပုံရိပ် ဆန်ဆာအသစ်တွေကိုလည်း ပူးပေါင်း အကောင်အထည်ဖော် ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: The Verge, Bloomberg, USA Today
You may also like these stories:
၃၉၉ ဒေါ်လာတန် Surface Go တက်ဘလက်အသစ်ကို Microsoft မိတ်ဆက်
Microsoft လည်း ဒေါ်လာ ၁ ထရီလျံတန် ကုမ္ပဏီ ဖြစ်ပြီ
ဘတ်စ်ကား တစီးထက် ရှည်တဲ့ 16K TV ကို Sony ပြသ