IT

အမေရိကန်က Huawei ပိတ်ပင်ထားမှုကို ခေတ္တ ဖြေလျော့ပေး

အမေရိကန် ထုတ်ကုန်ပစ္စည်းတွေကို Huawei Technologies ကို တင်ပို့ မရောင်းချရန် တားမြစ်ထားမှု အချို့ကို အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက အနည်းငယ် ဖြေလျော့ပေးလိုက်ပါတယ်။

ကုန်သွယ်ရေးဝန်ကြီးဌာနဟာ ဈေးကွက်တွင်း ရောက်ရှိပြီးဖြစ်တဲ့ Huawei ဖုန်းတွေအတွက် Software Update တွေ ဆက်လက် ထုတ်ပေးနိုင်စေဖို့နဲ့ လက်ရှိ ဆက်သွယ်ရေး ကွန်ရက်တွေကို စီမံထိန်းသိမ်းမှု ပြုလုပ်နိုင်စေရန် Huawei ကို ရက် ၉၀ သက်တမ်းရှိ “ယာယီအထွေထွေလိုင်စင်” တခု ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ သြဂုတ်လ ၁၉ ရက်၊ တနင်္လာနေ့ကနေ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။

ဒီလိုင်စင်ကြောင့် Huawei အနေနဲ့ Google, Intel, Qualcomm အပါအဝင် အခြား အမေရိကန်ကုမ္ပဏီတွေနဲ့ စီးပွားရေးအရ ဆက်ဆံရေးတွေ ချက်ချင်း ရပ်ဆိုင်းစရာ မလိုတော့ဘဲ၊ ဆက်လက် ထိန်းသိမ်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Huawei ရဲ့ ကွန်ရက်အခြေခံပစ္စည်းတွေကို အားကိုးနေရတဲ့ အချို့ ဒေသတွင်း ကွန်ရက်ငယ်အချို့အတွက်လည်း သတင်းကောင်းတခု ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းပစ္စည်း ထုတ်လုပ်သူကုမ္ပဏီကြီးဖြစ်တဲ့ Huawei အနေနဲ့ ထုတ်ကုန်အသစ်တွေ ထုတ်လုပ်ဖို့အတွက် အမေရိကန် ကုမ္ပဏီတွေထံက စက်ပစ္စည်းအစိတ်အပိုင်းတွေကို ဝယ်ယူခွင့်တော့ ရမှာ မဟုတ်ပါဘူး။ ရှိပြီးသား ကွန်ရက်နဲ့ ဖုန်းပစ္စည်းတွေကိုပဲ ဆက်လက် ဝန်ဆောင်မှု ပံ့ပိုးနိုင်မှာ ဖြစ်ပါတယ်။

“ယခု ရက် ၉၀ လိုင်စင်ကြောင့် အော်ပရေတာတွေအနေနဲ့ အခြား စီစဉ်စရာရှိတာတွေ စီစဉ်နိုင်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း အမေရိကန်ပြည်သူတွေနဲ့ အရေးကြီးဝန်ဆောင်မှု လုပ်ငန်းတွေအတွက် Huawei ပစ္စည်းတွေကို လက်ရှိ မှီခိုအားထားနေရတဲ့ နိုင်ငံခြား တယ်လီကွန်း ကုမ္ပဏီတွေအတွက်လည်း သင့်လျော်မယ့် ရေရှည်စီမံချက်တွေ သတ်မှတ်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်”လို့ ကုန်သွယ်ရေးဝန်ကြီး Wilbur Rosss က ပြောကြားခဲ့ပါတယ်။

“အတိုချုံးပြောရရင်တော့ လက်ရှိ Huawei မိုဘိုင်းဖုန်း အသုံးပြုသူတွေနဲ့ ဝေးလံတဲ့ ဒေသက Broadband ကွန်ရက်တွေအတွက် လုပ်ငန်းဆောင်တာတွေ ဆက်လက် ဆောင်ရွက်နိုင်အောင် ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်” လို့ ထပ်လောင်း ပြောခဲ့ပါတယ်။

Huawei အတွက် ယာယီလိုင်စင်ကို ရက် ၉၀ ကျော်တဲ့အခါ ထပ်မံတိုးပေးဖို့ ရှိလားဆိုတာကို စဉ်းစားဆုံးဖြတ်ဦးမှာ ဖြစ်တယ်လို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားသွားခဲ့ပါတယ်။

ကုန်သွယ်ရေးဝန်ကြီးဌာနဟာ Huawei ကို “Entity List” စာရင်းထဲ သောကြာနေ့မှာ တရားဝင် ထည့်သွင်းခဲ့ပြီး၊ အမေရိကန်ကုမ္ပဏီတိုင်းကို ခွင့်ပြုချက်ရမှ Huawei ထံ ထုတ်ကုန်ပစ္စည်း တင်ပို့ရောင်းချဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ တင်ပို့ရောင်းချ နေသမျှကိုလည်း တားမြစ်ခဲ့ပါတယ်။

သို့ပေမယ့် အင်တာနက်၊ ကွန်ပျူတာနဲ့ ဆဲလ်ဖုန်းကွန်ရက်စနစ်တွေ ပြတ်တောက်မှု မဖြစ်စေရန်အတွက် ယာယီခွင့်ပြုမိန့် ပြန်ထုတ်ပေးလိုက်တာ ဖြစ်တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာန အရာရှိဟောင်း၊ ရှေ့နေတဦးဖြစ်တဲ့ Kevin Wolf က Reuters ကို ပြောကြားခဲ့ပါတယ်။

Huawei တည်ထောင်သူ Ren Zhengfei ကတော့ ကုမ္ပဏီအနေနဲ့ အခုလို အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်တာကြောင့်အမေရိကန်အစိုးရဘက်က ယာယီလိုင်စင် ပြန်ထုတ်ပေးလိုက်တာဟာ ဘာမှ မပြောပလောက်ကြောင်း အင်္ဂါနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“အမေရိကန်အစိုးရရဲ့ ယခုလုပ်ရပ်တွေက ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို အထင်သေးလိုက်တာ ဖြစ်ပါတယ်” လို့ Ren က CCTV နဲ့ အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။

Huawei နဲ့ မပြေမလည် ဖြစ်နေတာ အမေရိကန်အစိုးရသာ ဖြစ်ပြီး၊ အမေရိကန်ကုမ္ပဏီတွေ မဟုတ်ဘူးလို့ Ren က ထပ်မံ ပြောကြားခဲ့ပါတယ်။ Huawei အနေနဲ့ အမေရိကန်က ဝယ်နေတဲ့ Chips တွေကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်း ရှိသည့်တိုင်အောင် အမေရိကန် Chips တွေကို အဝယ်ရပ်မှာတော့ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီရဲ့ ကြေညာချက်မှာလည်း တကမ္ဘာလုံးမှာ ရောင်းချပြီးသားနဲ့ ရောင်းချနေဆဲ Huawei, Honor စမတ်ဖုန်းနဲ့ တက်ဘလက်တိုင်းကို ရောင်းပြီးဝန်ဆောင်မှုတွေနဲ့ Security Update တွေ ဆက်လက်ပေးသွားဦးမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Ref: Nikkei, Reuters

You may also like  these  stories:

နျူကလီးယား ဆွေးနွေးပွဲ၌ အမေရိကန် လှည့်ဖြားလိုသည့် ရည်ရွယ်ချက်ရှိဟု ကင်ဂျုံအန်း ပြော

Android TV အချို့မှာ ကြိုတင် အသိမပေးဘဲ Google က ကြော်ငြာတွေ ထည့်သွင်း

Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်

DJI ရဲ့ ပထမဆုံး Action Camera “Osmos Action”

Loading