တရုတ်နိုင်ငံလုပ် ဒရုန်းတွေဟာ အရေးကြီးတဲ့ ပျံသန်းမှုဆိုင်ရာ ဒေတာ အချက်အလက်တွေကို တရုတ်နိုင်ငံက ထုတ်လုပ်သူ ကုမ္ပဏီတွေထံ ပြန်လည်ပေးပို့နေပြီး၊ အဆိုပါ ဒေတာတွေကို တရုတ်အစိုးရဘက်က ရယူနိုင်ကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က သတိပေးလိုက်ပါတယ်။
ဒရုန်းတွေဟာ “အဖွဲ့အစည်းတခုရဲ့ သတင်းအချက်အလက်ကို ပေါက်ကြားနိုင်ဖွယ် အန္တရာယ်ရှိကြောင်း” တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ DHS ရဲ့ သတိပေးချက်မှာ ဖော်ပြထားတာဖြစ်တယ်လို့ CNN က ဆိုပါတယ်။ အဆိုပါ ဒရုန်းတွေဟာ သင့်ဒေတာကို ပေါက်ကြားစေနိုင်ပြီး သတင်းအချက်အလက်တွေကို မိခင်ကုမ္ပဏီ သာမက ဝင်ရောက်အသုံးပြုနိုင်တဲ့ ဆာဗာတခုပေါ် ပြန်မျှဝေပေးနိုင်ကြောင်း သတိပေးထားပါတယ်။
DHS ရဲ့ သတိပေးချက်မှာ ကုမ္ပဏီနာမည် အတိအကျ မဖော်ပြထားပေမယ့်၊ အမေရိကန်နဲ့ ကနေဒါမှာ အသုံးပြုနေတဲ့ ဒရုန်းအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်နိုင်ငံ၊ ရှန်းကျန့်မြို့အခြေစိုက် DJI ကုမ္ပဏီက ထုတ်ထားတာ ဖြစ်တယ်လို့ ဈေးကွက်သုတေသီတဦးက ပြောထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်က တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်တဲ့ ကုမ္ပဏီလုပ်ငန်းတွေမှာလည်း ဒရုန်းကို ပိုမိုတွင်ကျယ်စွာ အဓိကထား အသုံးပြုလာကြပါတယ်။
“အမေရိကန်နိုင်ငံရဲ့ သတင်းအချက်အလက်တွေ အထိန်းအကွပ်မရှိ ရယူဖို့ ဒါမှမဟုတ် ရယူပြီး အလွဲသုံးစား လုပ်ဖို့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေကို ခွင့်ပြုထားတဲ့ အာဏာရှင်နိုင်ငံတနိုင်ငံရဲ့ နယ်နမိတ်ထဲ အမေရိကန်ဒေတာတွေ ပေးပို့တဲ့ မည်သည့် နည်းပညာပစ္စည်းကိုမဆို အမေရိကန်အစိုးရဘက်က ဂရုစိုက်စိုးရိမ်မှု ရှိပါတယ်”လို့ DHS သတိပေးချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံသားတိုင်း နိုင်ငံတော်ရဲ့ ထောက်လှမ်းရေးလှုပ်ရှားမှုတွေကို အားပေးကူညီရမယ်ဆိုတဲ့ တင်းကြပ်တဲ့ တာဝန်ဝတ္တရားတွေ ချမှတ်ထားတဲ့ နိုင်ငံဖြစ်တာကြောင့် တရုတ်နိုင်ငံထုတ် ကွန်ရက်ချိတ်ဆက်နိုင်တဲ့ နည်းပညာပစ္စည်းအချို့ကို သတိထားသင့်ကြောင်း DHS က ဆိုခဲ့ပါတယ်။
DHS ရဲ့ သတိပေးချက်ဟာ တရားဝင်ထုတ်ပြန်တဲ့ အမိန့် မဟုတ်သလို၊ DJI နာမည်ကိုလည်း မဖော်ပြထားပါဘူး။ ဒါပေမယ့် DJI ကုမ္ပဏီအနေနဲ့လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေတော့ ရှိမှာပါ။
ယခုကိစ္စနဲ့ ပတ်သတ်ပြီး DJI က အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါတယ်။
“ကျနော်တို့ လုပ်သမျှ ဘယ်အရာမှာမဆို လုံခြုံရေးက ပဓနပါပဲ။ ကျနော်တို့ နည်းပညာရဲ့ လုံခြုံမှုကို အမေရိကန်အစိုးရနဲ့ အမေရိကန်က ဦးဆောင်ကုမ္ပဏီလုပ်ငန်း တခုချင်းစီက အတည်ပြုပေးထားပါတယ်”
DJI အသုံးပြုသူတွေအနေနဲ့ သူတို့ဒေတာတွေ ရယူ၊ သိမ်းဆည်း၊ ထုတ်လွှင့်မှု နည်းလမ်းတိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပါတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ DJI ဟာ ၂၀၁၇ ခုနှစ်မှာ ဒရုန်းတွေ ပျံသန်းနေစဉ်အတွင်း App က အင်တာနက်အသုံးပြုမှုကို ရပ်တန့်နိုင်တဲ့ Privacy Mode တခုကို ထည့်သွင်းပေးခဲ့ပါသေးတယ်။
ဒါပေမယ့် အမေရိကန်စစ်တပ်က DJI ဒရုန်းတွေကို ဆိုက်ဘာလုံခြုံရေးပြဿနာကြောင့် တပ်ဖွဲ့တိုင်းမှာ အသုံးမပြုရန် စာထုတ်ပြန်ခဲ့ပြီးနောက်မှ တုံ့ပြန်တဲ့အနေနဲ့ ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
Ref: CNN, The Verge
You may also like these stories:
အပေါ်လှန်တက်လာမယ့် ကင်မရာဒီဇိုင်းနဲ့ ASUS ZenFone 6 ကို မိတ်ဆက်
DJI ရဲ့ ပထမဆုံး Action Camera “Osmos Action”