Google က Huawei ကို Android Apps နဲ့ Services တွေ အသုံးပြုမှု ပိတ်ပင်ခဲ့ပြီးနောက် ၂ ရက်အကြာမှာပဲ Huawei ရဲ့ အမှတ်တံဆိပ်ခွဲ Honor က Honor 20 ဖုန်းစီးရီးအသစ်ကို လန်ဒန်မြို့မှာ မိတ်ဆက်လိုက်ပါတယ်။
Honor 20 စီးရီးမှာ Honor 20, Honor 20 Pro နဲ့ Honor 20 Lite ဆိုပြီး ဖုန်းသုံးမျိုး ပါရှိပါတယ်။ ကွာခြားမှုသိပ်မရှိတဲ့ Honor 20 နဲ့ Honor 20 Pro မော်ဒယ်နှစ်ခုအကြောင်း အရင် တင်ဆက်ပေးပါမယ်။
ဒီဇိုင်း
Honor 20 နဲ့ Honor 20 Pro တို့ကို ရုတ်တရက်ကြည့်ရင် ခွဲခြားနိုင်မှာ မဟုတ်ပါဘူး။ တချို့ စမတ်ဖုန်းအမှတ်တံဆိပ်တွေက Pro မော်ဒယ်မှာ Display ပိုကောင်းတာ သုံးလေ့ရှိပေမယ့် Honor ကတော့ ၆.၂၅ လက်မအရွယ် IPS LCD Display ကိုပဲ ဖုန်းမော်ဒယ်နှစ်ခုလုံးမှာ အသုံးပြုထားပါတယ်။ Display ရဲ့ ဘယ်ဘက်အပေါ်ထောင့် မှာ ၄.၅ မီလီမီတာ ရှိတဲ့ အပေါက်တခု ဖောက်ထားပြီး၊ အလားတူဖုန်းတွေထဲမှာ အပေါက်အသေးငယ်ဆုံးဖြစ်တယ်လို့ Honor က ဆိုပါတယ်။ အဆိုပါ မျက်နှာပြင်အပေါက်ထဲမှာတော့ 32MP ရှေ့ကင်မရာကို ထည့်သွင်းထားပါတယ်။
Honor 20 စီးရီးရဲ့ ကျောဘက်ဒီဇိုင်းက မှင်တက်လောက်စရာပါ။ “Dynamic Holographic Design” လို့ နာမည်ပေးထားတဲ့ ဖုန်းဒီဇိုင်းမှာ 3D မှန်ကွေးကို အဆင့် ၂ ဆင့်နဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။
ပထမဦးဆုံး ကျောဘက်ကိုယ်ထည်က ဖန်သားပေါ်မှာ နက်ရှိုင်းတဲ့ အလွှာတခု ဖြစ်ပေါ်စေဖို့ သေးငယ်တဲ့အလင်းပေါက်လေးတွေကို နာနိုနည်းပညာနဲ့ ဖန်တီးထားပြီး၊ အဆိုပါအပေါက်ထဲကို အလင်းရောင် ဝင်ရောက်တဲ့အခါ ဦးတည်ချက်ပေါင်းစုံကနေ အလင်းပြန်တဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။
ကင်မရာနဲ့ လက်ဗွေရာဆန်ဆာ
Honor 20 နဲ့ Honor 20 Pro ဖုန်းမော်ဒယ်နှစ်ခုလုံးမှာ ကျောကင်မရာလေးလုံး ပါဝင်ပါတယ်။ ဒါပေမယ့် ကင်မရာစနစ်တော့ မတူညီတော့ပါဘူး။
Honor 20 Pro ရဲ့ အဓိကကင်မရာမှာ f/1.4 အပါချာရှိတဲ့ 48MP Sony IMX586 ဆန်ဆာကို အသုံးပြုထားပြီး၊ f/1.8 အပါချာထက် အလင်းဝင်အား ၆၀ ရာခိုင်နှုန်း ပိုကောင်းပါတယ်။ ဒီကင်မရာမှာ OIS နဲ့ EIS တို့ ပါဝင်ပါတယ်။ နောက်တလုံးကတော့ 8MP Telephoto Lens ဖြစ်ပြီး၊ 3x Optical Zomm နဲ့ 5x Hybrid Zoom ဆွဲနိုင်ပါတယ်။
Digital Zoom ဆိုရင်တော့ 30x အထိ ဆွဲရိုက်နိုင်မှာပါ။ ဒီကင်မရာလည်း OIS ပါဝင်ပါတယ်။ နောက် ကင်မရာတလုံးကတော့ အနီးကပ်ရိုက်ဖို့အတွက် 2MP Macro ကင်မရာပါ။ ၁.၅ လက်မအကွာလောက်ကနေတင် ကောင်းကောင်းရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးကင်မရာကတော့ ၁၁၇ ဒီဂရီ မြင်ကွင်းကျယ်ရိုက်နိုင်တဲ့ 16MP Super Wide Angle ကင်မရာ ဖြစ်ပါတယ်။
Honor 20 မှာလည်း 48MP Sony ဆန်ဆာကိုပဲ ပြန်သုံးထားပေမယ့် Lens က f/1.8 ဖြစ်သွားပြီး၊ OIS လည်း မပါဝင်ပါဘူး။ 2MP macro နဲ့ 16MP မြင်ကွင်းကျယ်ကင်မရာတို့ ပါဝင်ပြီး၊ Telephoto ကင်မရာအစား Depth sensor ဖြစ်သွားပါတယ်။
Honor 20 နဲ့ 20 Pro မှာ Samsung Galaxy S10e အတိုင်း လက်ဗွေရာဆန်ဆာကို ပါဝါခလုတ်မှာပဲ ထည့်သွင်းပေးထားပါတယ်။ LCD Display ကို အသုံးပြုထားတဲ့အတွက် မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာ ထည့်လို့ မရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပါဝါခလုတ်ပေါ် လက်တင်ပြီး ဝ.၃ စက္ကန့်အတွင်းမှာတင် ပွင့်တယ်လို့ Honor က ဆိုထားပါတယ်။
စွမ်းဆောင်ရည်
Honor 20 နဲ့ Honor 20 Pro မှာ Huawei ရဲ့ လက်ရှိစွမ်းဆောင်ရည်အမြင့်ဆုံး 7nm Kirin 980 SoC ကို အသုံးပြုထားပါတယ်။ အမြင့်ဆုံး 8GB RAM မော်ဒယ်အထိ ရရှိနိုင်ပြီး၊ Storage ကိုတော့ အမြင့်ဆုံး 256GB အထိ ရရှိမှာပါ။ Storage ထပ်မစိုက်နိုင်ဘူးလို့ သိရပါတယ်။
ဖုန်းနှစ်လုံးက အထူ သိပ်မကွာပေမယ့် Honor 20 မှာ 3,750mAh ဘက်ထရီ သုံးထားပြီး၊ Honor 20 Pro မှာတော့ အနည်းငယ်ပိုကြီးတဲ့ 4,000mAh ဘက်ထရီကို သုံးထားပါတယ်။ အားသွင်းနှုန်းကတော့ အတူတူပါပဲ။ 22.5W SuperCharge 1.0 အားအမြန်သွင်းစနစ် အသုံးပြုနိုင်မှာပါ။
Honor 20 စီးရီးရဲ့ နောက်ထပ်ဆွဲဆောင်မှုတခုက အသံပိုင်းဆိုင်ရာပါ။ “Virtual 9.1 Surround Sound” စနစ် ပါဝင်ပြီး၊ အသံထွက်ပေါ်ရာအတိုင်း ခံစားနားဆင်နိုင်မှာပါ။ နားကြပ်တပ်မှ ဒီစနစ်ရမှာပါ။ နားကြပ်အများစုနဲ့ အလုပ်လုပ်တယ်လို့ ဆိုပါတယ်။ မော်ဒယ်နှစ်ခုလုံးမှာ စပီကာတလုံးပဲ ပါဝင်ပြီး၊ 3.5mm နားကြပ်ပေါက်လည်း မပါဝင်ပါဘူး။
Google က Huawei ကို Android စနစ် ပိတ်လိုက်ပြီဆိုပေမယ့် ဒီဖုန်းတွေမှာတော့ Android စနစ် ပါဝင်လာပါသေးတယ်။ Android 9 စနစ်အခြေခံ Magic UI 2.1 နဲ့ပါ။ ဒီဖုန်းတွေ အပါအဝင် ထွက်ပြီးသား ဖုန်းတွေကို Security Updates တွေ ဆက်ပေးသွားမယ်လို့လည်း Huawei က ဆိုထားတာကြောင့် Google ဝန်ဆောင်မှုတွေ မသုံးရတော့မှာ စိုးရိမ်စရာ မရှိပါဘူး။
Honor 20 (6GB+128GB) မော်ဒယ်ကို ဥရောပမှာ ၄၉၉ ယူရိုနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Honor 20 Pro (8GB+256GB) မော်ဒယ်ကိုတော့ ၅၉၉ ယူရိုနဲ့ ရောင်းချသွားမှာပါ။ Honor 20 Pro ကို Phantom Black နဲ့ Phantom Blue အရောင် ၂ ရောင် ရောင်းချသွားမှာဖြစ်ပြီး၊ Honor 20 ကိုတော့ Midnight black, Sapphire Blue နဲ့ Icelandic white အရောင် ၃ ရောင်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
Honor 20 Lite အကြောင်းကို ဆက်လက် ဖော်ပြပေးသွားပါမယ်။
Ref: XDA Developers, GSM Arena, The Verge
You may also like these stories:
Honor 20 Series အသစ်ကို ဈေးကွက်တွင်း မကြာမီ မိတ်ဆက်မည်
Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်