လွန်ခဲ့တဲ့ အင်္ဂါနေ့တုန်းက ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ Sony က ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အစည်းအဝေး တခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးမှာ Sony Mobile ဌာနကို အသွင်ပြောင်းမယ့် အစီအစဉ်အသေးစိတ်အပြင်၊ Sony Mobile ထွက်ခွာမယ့် ကမ္ဘာ့ဈေးကွက်တွေအကြောင်းလည်း ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
Sony Mobile အနေနဲ့ လက်ရှိမှာ ဂျပန်၊ ဥရောပ၊ ထိုင်ဝမ်၊ ဟောင်ကောင် တို့ကိုပဲ “ဦးစားပေးဈေးကွက်” တွေအဖြစ် သတ်မှတ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်ဖော်ပြပါ မြေပုံမှာ အနီရောင်ပြထားတဲ့ အိန္ဒိယ အပါအဝင် အခြားကမ္ဘာ့ဈေးကွက်အများစုကိုတော့ “ဦးစားမပေးတော့တဲ့ ဈေးကွက်” တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။
အဆိုပါ အနီရောင်ပြထားရာ ဒေသတွေကနေ Sony Mobile ထွက်ခွာသွားတော့မှာပါ။ ဒီထဲမှာ ဖုန်းအသုံးပြုသူဦးရေ များပြားတဲ့ အိန္ဒိယ၊ အာဖရိက၊ သြစတြေးလျ၊ ကနေဒါ တွေအပြင်အရှေ့တောင်အာရှနိုင်ငံတွေလည်း ပါဝင်တာ တွေ့ရပါတယ်။
တကယ်တမ်းတော့ Sony Mobile ဟာ အနီရောင်ပြထားတဲ့ ဈေးကွက်အချို့ကနေ တိတ်တဆိတ် ထွက်ခွာခဲ့ပြီးဖြစ်ပါတယ်။ ယခုမှ တရားဝင် အသိပေးလိုက်တာပါ။ ဈေးကွက်အချို့ကို အာရုံစိုက်ဖို့အတွက် ဈေးကွက်အများအပြားကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
ဈေးကွက်အများစုကို “ဦးစားမပေး ဈေးကွက်” တွေအဖြစ် သတ်မှတ်လိုက်တယ်ဆိုပေမယ့် ဒီဈေးကွက်တွေမှာ Sony ဖုန်းတွေ ဝယ်သုံးမရတော့တာမျိုး မဟုတ်ပါဘူး။ ဝယ်ချင်သူတွေအနေနဲ့ ဝယ်သုံးနိုင်ပါတယ်။ ဒါပေမယ့် Sony ဘက်က ဒီဈေးကွက်တွေအတွက် တရားဝင် ထောက်ပံ့မှုမျိုး လုပ်မှာ မဟုတ်တော့ပါဘူး။
Sony ရဲ့ စမတ်ဖုန်းလုပ်ငန်းဟာ အခြေအနေ ဆိုးရွားနေပြီး၊ ပြီးခဲ့တဲ့မတ်လတုန်းကလည်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က ဖုန်းစက်ရုံတခုကို ပိတ်သိမ်းခဲ့ရပါတယ်။ ကုမ္ပဏီအနေနဲ့ ၂၀၂၀ ပြည့် နှစ်အတွင်း လုပ်ငန်းလည်ပတ်မှုစရိတ်ကို ၅၀ ရာခိုင်နှုန်းအထိ လျော့ချသွားမှာ ဖြစ်ကြောင်းလည်း ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
ထို့အတူ Sony Mobile ဌာနက လုပ်သားအင်အားကိုလည်း ၂၀၂၀ မှာ တဝက်တိတိ လျော့ချသွားမှာ ဖြစ်ပါတယ်။ အရှုံးပေါ်နေတဲ့ ဖုန်းစီးပွားရေးလုပ်ငန်း ရေရှည်တည်တံ့နိုင်ဖို့အတွက် Sony ဘက်က လျော့ချမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Ref: Gadgets 360, Android Headlines
You may also like these stories:
Vivo ရဲ့ ပထမဆုံး Gaming စမတ်ဖုန်းဖြစ်တဲ့ iQOO ကို မိတ်ဆက်
Trailer အစား ရုပ်ရှင်ကား တကားလုံးကို YouTube ပေါ် မှားတင်မိခဲ့တဲ့ Sony
Blu-ray စက်တွေ ဆက်ထုတ်တော့မှာ မဟုတ်ကြောင်း Samsung ပြောကြား
ဘက်ထရီ လဲသုံးသူတွေ များလာလို့ iPhone ရောင်းအား ထိခိုက်ကြောင်း Apple ပြောကြား