ယခုလအစတုန်းက ZTE က Blade A7 ဆိုတဲ့ မော်ဒယ်နိမ့် ဖုန်းတလုံးကို မိတ်ဆက်ခဲ့ပါတယ်။ ယခုအခါမှာတော့ Blade A7 ထက် ဈေးပိုသက်သာတဲ့ Blade A5 2019 ဖုန်းကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ 18:9 Screen, Octa-core Processor တို့ကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် ဖုန်းတလုံးပါ။
ZTE Blade A5 2019 မှာ ၅.၄၅ လက်မအရွယ် HD+ LCD Display ပါဝင်ပြီး၊ ဒီဇိုင်းက မျက်နှာပြင်အပြည့်ပုံစံမျိုး ဖြစ်ပေမယ့် ဖုန်းအပေါ်နဲ့ အောက်မှာ ဘောင်တွေ သိသိသာသာ ပါလာပါသေးတယ်။ ကျောဘက်ကိုယ်ထည်ကို ပိုလီကာဘွန်နိတ် ပလတ်စတစ်နဲ့ ပြုလုပ်ထားပြီး၊ အနက်နဲ့ အပြာ အရောင် ၂ မျိုး ရောင်းချသွားမှာပါ။
Blade A5 2019 မှာ ဈေးကွက်တွင်းက ဖုန်းအနည်းငယ်မှာပဲ တွေ့မြင်ရတဲ့ 28nm Unisoc (Spreadtrum) SC9836A Chipset ကို အသုံးပြုထားပါတယ်။ 2GB RAM ပါဝင်ပြီး၊ ဒေတာသိမ်းဆည်းဖို့အတွက် 16GB Storage ပါဝင်မှာပါ။ microSD ကတ်စိုက်ဖို့အတွက် သီးသန့်အကန့်တခု ပါဝင်ပြီး၊ 256GB အထိ အများဆုံး စိုက်နိုင်ပါတယ်။
ဖုန်းကျောဘက်မှာ 13MP, f/2.0 ကင်မရာတလုံးနဲ့ ဖုန်းရှေ့ဘက်မှာ 8MP, f/2.4 ကင်မရာတလုံးတည်း ပါဝင်မှာပါ။ လက်ဗွေရာဆန်ဆာ လုံးဝမပါဝင်သလို၊ Face Unlock စနစ် ပါဝင်လားဆိုတာလည်း ZTE က မပြောထားပါဘူး။
Blade A5 2019 မှာ 2,600mAh ဘက်ထရီကို အသုံးပြုထားပြီး၊ microUSB အပေါက်ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။ 3.5mm နားကြပ်ပေါက်၊ Bluetooth 4.2၊ FM Radio တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Android 9 Pie စနစ်အခြေခံ Mi Favor UI နဲ့ ထွက်ရှိလာမှာပါ။ ဒီဖုန်းကို ရုရှားနိုင်ငံက စတိုးဆိုင်တွေမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ကာ ဈေးနှုန်း ဒေါ်လာ ၁၀၀ ခန့်ပဲ ရှိပါတယ်။
ZTE ဖုန်းတွေ ရောင်းချနေတဲ့ အခြားဈေးကွက်တွေကိုလည်း မကြာမီ ရောက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
Ref: Gizmo China
You may also like these stories:
ဖုန်းကိုယ်ထည်ဘေးမှာ ကင်မရာ ထားရန် ZTE လုပ်ဆောင်နေ
ZTE ရဲ့ ဒေါင်လိုက် ချိုးချနိုင်မည့် ခေါက်ချိုးဖုန်း
ခေတ်စားနေတဲ့ ရေစက် Notch ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ ZTE Nubia Z18