DJI ကုမ္ပဏီထုတ် ဒရုန်းတွေကို ကြီးမားတဲ့ လေယာဉ်တွေနား ပျံသန်းခိုင်းလို့ လွယ်ကူတော့မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံအခြေစိုက် ဒရုန်းကုမ္ပဏီ DJI က ၂၀၂၀ ပြည့်နှစ်ကနေ နောက်ပိုင်း ထုတ်မယ့် ပေါင်ချိန် ၂၅၀ ဂရမ်ထက် ပိုတဲ့ ဒရုန်းအားလုံးမှာ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို သိရှိဖမ်းယူနိုင်တဲ့ အာရုံခံကိရိယာတွေ ပါဝင်လာမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ လက်ရှိ ထုတ်ထားတဲ့ DJI ဒရုန်းအားလုံးကလည်း ပေါင်ချိန် ၂၅၀ ဂရမ်ထက် ပိုတဲ့ ဒရုန်းတွေ ဖြစ်ပါတယ်။
DJI ဒရုန်းအသစ်တိုင်းမှာ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကနေ ပေးပို့ထုတ်လွှတ်တဲ့ ADS-B လှိုင်းတွေကို ဖမ်းယူနိုင်တဲ့ ဆန်ဆာတွေ ပါဝင်လာမှာပါ။ ADS-B နည်းပညာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး၊ သတ်မှတ်လေကြောင်းနယ်နမိတ်တွေကို ဖြတ်ပျံသန်းမယ့် လေယာဉ်တိုင်းမှာ တပ်ဆင်ဖို့ကိုလည်း အမေရိကန်အစိုးရက ပြဌာန်းထားပါတယ်။ လေကြောင်းထိန်းချုပ်ရေးစင်တာတွေမှာလည်း ဒီနည်းပညာကို အသုံးပြုကြပါတယ်။
DJI ဒရုန်းအသစ်တွေမှာ ADS-B လှိုင်းဖမ်းယူကိရိယာကို “AirSense” နာမည်နဲ့ ပါလာမှာ ဖြစ်ပြီး၊ ဒရုန်းနားကို လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ နီးကပ်လာတဲ့အခါ ဒရုန်းမောင်းသူကို သတိပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒရုန်းက လေယာဉ်ကြီးတွေနားကနေ အလိုအလျောက် ရှောင်ခွာသွားမှာ မဟုတ်ပါဘူး။ အဝေးကို ရှောင်ပေးဖို့က ဒရုန်းမောင်းနှင်သူနဲ့ပဲ သက်ဆိုင်မှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရ လေကြောင်းအာဏာပိုင်အဖွဲ့ (FAA) ကတော့ ဒရုန်းတွေမှာ ADS-B မဖြစ်မနေ တပ်ဆင်ဖို့ သတ်မှတ်ထားခြင်းမရှိပါဘူး။ ဒါပေမယ့် DJI ရဲ့ ပရိုဖက်ရှင်နယ် ဒရုန်းတွေဖြစ်တဲ့ Matrice 200၊ Mavic 2 Entrerprise တွေမှာ ဒီနည်းပညာ ပါပြီးသား ဖြစ်ပါတယ်။
လက်ရှိ DJI ဒရုန်းတွေမှာလည်း အတားအဆီးရှောင်ကွင်းနိုင်စွမ်း၊ နယ်နမိတ် သတ်မှတ်ပျံသန်းမှု၊ အမြင့်ပေ သတ်မှတ်ပျံသန်းမှုနဲ့ ထွက်ခွာရာနေရာကို အလိုအလျောက် ပြန်လာနိုင်မှု စတဲ့ လုံခြုံရေးလုပ်ဆောင်ချက် အများအပြား ပါဝင်ပါတယ်။ ဒါပေမယ့် ဒီနည်းပညာတွေကလည်း အတွေ့မကြုံမရှိ၊ ဆင်ခြင်မှုမရှိတဲ့ ဒရုန်းမောင်းနှင်သူအချို့ရဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ အနား ဒရုန်း နီးကပ်စွာ ပျံသန်းမှုကို တားဆီးနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းကလည်း ရဟတ်ယာဉ်တစီးဟာ ဒရုန်းကို ရှောင်တိမ်းရင် သစ်ပင်နဲ့ ရိုက်မိတာကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ ဒါ့အပြင် ဒရုန်းတွေဟာ ADS-B လှိုင်းကို ဖမ်းယူနိုင်စွမ်းပဲ ရှိပြီး၊ လေကြောင်းထိန်းချုပ်ရေးစင်တာထံ တည်နေရာကို ပြန်ပေးပို့နိုင်စွမ်းမရှိတာကြောင့် ဒရုန်းကြောင့် လေယာဉ်ကွင်း ပိတ်လိုက်ရတဲ့ အဖြစ်မျိုး ဖြစ်ပေါ်နိုင်ပါသေးတယ်။
Ref: The Verge
You may also like these stories:
LG က မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ စမတ်ဖုန်း ထုတ်လုပ်မှု ရပ်ဆိုင်းမည်
ကမ္ဘာ့ဈေးကွက်အများစုကနေ Sony Mobile ထွက်ခွာ
Zoom ၁၀ ဆ ဆွဲရိုက်နိုင်တဲ့ ကင်မရာနဲ့ လျှောစောင်း ကင်မရာတို့ ပါဝင်တဲ့ OPPO Reno ဖုန်း ထွက်ရှိ